မက်ဒရစ်၊ နိုဝင်ဘာ ၇
မယ်လ်ကရာကျွန်းပေါ်သို့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဆင်းသက်မှု ပြုခဲ့ရသည်ဆိုသည့် လေယာဉ်မှ တရားဝင်ခွင့်ပြုချက် မရဘဲ ဆင်းသက်သူ ၂၁ ဦးကို စပိန်အာဏာပိုင်များက နိုဝင်ဘာ ၆ ရက်၌ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အေပီသတင်းတစ်ပုဒ် တွင် တွေ့ရသည်။
အဆိုပါ စုံစမ်းနေဆဲဖြစ်စဉ်သည် နိုဝင်ဘာ ၅ ရက်နှောင်းပိုင်းက ဖြစ်ပွားခဲ့ပြီး ကာဆာပလန်ကာမြို့မှ အစ္စတန်ဘူလ်မြို့သို့ ခရီးသည်တစ်ဦး လိုက်ပါရန် အရေးပေါ် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း Air Arabia လေကြောင်းလိုင်းထံမှ သိရသည်။ ဆင်း သက်ချိန်တွင် လူ ၂၁ ဦး လေယာဉ်ပေါ်မှ ထွက်ခွာရန် ကြိုးစားခဲ့ကြပြီး လုံခြုံရေးတာဝန်ရှိသူများကလည်း လေဆိပ်ကို ယာယီပိတ်ထားပေးခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဘာလစ်အာရစ် ကျွန်းစုဆိုင်ရာ စပိန်အစိုးရအရာရှိ အိန်နာကယ်ဗိုက ပြောသည်။
ပုံ- Air Arabia လေယာဉ်ကိုတွေ့ရစဉ်။
ဖမ်းဆီးထားသူများအနက် လေယာဉ်ပေါ်မှ တရားမဝင် ထွက်ခွာသွားသူ ၉ ဦး၊ ကျန်းမာရေးမကောင်းဟု ပြောသူနှင့် ၎င်း၏ အဖော် ၁ ဦး၊ လေယာဉ်ပေါ်တွင် ဝန်ထမ်းတစ်ဦးနှင့် တိုက်ခိုက်မှုကြောင့် အရေးယူခံထားရသူ ၁ ဦးတို့ ပါဝင်သည်။
လေယာဉ်ပေါ်မှ တရားမဝင်ထွက်ခွာသွားသူ နောက်ထပ် ၁၂ ဦးကိုမူ ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်သည်။ အရေးပေါ် ဆင်းသက် ရန် တောင်းဆိုခဲ့သည့် ခရီးသည် အမှန်တကယ် မကျန်းမမာဖြစ်နေခြင်း ဟုတ်/မဟုတ် စပိန်အစိုးရဘက်မှ စုံစမ်းရေးမှူးများက သုံးသပ်နေကြသည်။
“အခုအခါမှာ စုံစမ်းစစ်ဆေးရေးအတွက် ဘက်ပေါင်းစုံ မျက်နှာဖွင့်ထားပါတယ်။ ဒီကိစ္စ ကြံစည်မှုမှာ ခွင့်ပြုချက်မရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စဖြစ်ပါတယ်။ လတ်တလော အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တော့ ကျနော်တို့ မရသေးပါဘူး”ဟု စပိန်အစိုးရအရာရှိ အိန်နာကယ်ဗိုက ပြောကြားခဲ့သည်။
“ကျနော် မကြုံစဖူးဖြစ်တဲ့ အကြောင်းတစ်ခုက လူတစ်ယောက် နေထိုင်မကောင်းဖြစ်တာနဲ့ အဲဒီလေယာဉ်ပေါ်လာတဲ့ လူ ၂၁ ယောက်က လေယာဉ်ကွင်းထဲ အကြောင်းပြချက် မခိုင်လုံဘဲ ခုန်ဆင်းတာဗျ။ သူတို့ခုန်ဆင်းတာက လေကြောင်းပြေးဆွဲမှုနဲ့ လေယာဉ်ပြေးလမ်းကို အန္တရာယ်ဖြစ်စေပါတယ်” ဟု ၎င်းက ရှင်းပြသည်။