CNI International News

ကိုင်ရို၊ မတ်လ ၁၁

ဂါဇာကို အကူအညီပေးရန်အတွက် ဂါဇာကမ်းမြောင်ဒေသ၏ ကမ်းရိုးတန်းတွင် ယာယီဆိပ်ကမ်းတစ်ခု တည် ဆောက်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်ကျည်းတပ်မှ ဂါဇာသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့် သင်္ဘောတစ်စင်း စေလွှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

အမေရိကန်က ဂါဇာကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးမည်ဟု သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပြီးနောက် ၃၆ နာရီ မပြည့်မီအချိန်မှာပင် General Frank S. Besson သင်္ဘောသည် ဗာဂျီးနီးယားပြည်နယ် လန်ဂလေ-ဩစတစ် ပူးတွဲစစ်စခန်း(Joint Base Langley-Eustis)မှ ထွက်ခွာသွားခဲ့သည် ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က ထုတ်ပြန်ခဲ့သည်။

ထောက်ပို့သင်္ဘောသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရန်အတွက် ယာယီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် လိုအပ်သသည့်ပစ္စည်း ကိရိယာများကို တင်ဆောင်ပြီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

အစ္စရေး၏ ၅ လကြာ စစ်ဆင်ရေးကြောင့် ဂါဇာဒေသ၏ ပါလက်စတိုင်း ၂ ဒသမ ၃ သန်းသည် အစာရေစာ ငတ်မွတ် ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက မတ်လ ၈ ရက်တွင် သတိပေးခဲ့ပြီးနောက် ဘိုင်ဒန်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ဂါဇာအား အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဆိပ်ကမ်းများမရှိပေ။ အမေရိကန်သည် ယခင်က အစ္စရေးအရာရှိများ ပါဝင်သည့် ကုန်စည်များကို စကန်ဖတ်သော လုပ်ငန်းစဉ်အတွက် ဆိုက်ပရပ်စ် နိုင်ငံမှတစ်ဆင့် ဂါဇာကို အကူအညီပေးရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂါဇာကို တိုက်ရိုက်အကူအညီပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာဒေသခံ အများစုသည် လက်ရှိတွင် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဂါဇာသို့ ပေးပို့သည့် အကူအညီများမှာလည်း စစ်ဆေးရေးဂိတ်များတွင် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်တို့ အာဏာရလာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေး၏ ပိတ်ဆို့မှု ကို ခံခဲ့ရသည်။ 

ထိုအချိန်ကတည်းက ဂါဇာကမ်းမြောင်ဒေသသို့ ရေလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်သွားရောက်သည့် ရေကြောင်းခရီးစဉ် အနည်းငယ်သာ ရှိခဲ့သည်။

Source: ဘန်ကောက်ပို့စ်