CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀

ချင်းပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်နိုင်ရေးအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းမှ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်ရန် ကြားကာလချင်းအမျိုး သား အတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များကို လက် နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် လူနေအိမ် ၁၆၄ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ အနော် ရထာ အထူးစစ်ဆင်ရေး ဆင်နွဲမှုသည် တိုက်ပွဲအတွင်း အရပ်သာများ ကာကွယ်ရေးဆိုင်ရာ ဂျီနီဗာ သဘောတူ ညီချက်နှင့် ရောမသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်နေကြောင်း၊ စစ်ဆင်ရေး ဆောင်ရွက်မှုများ အား အပြင်းအထန် ကန့်ကွတ်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ICNCC က “ ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလုံအလောက် အချိန်မီရရှိနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ အလှူရှင် များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု ရပ်တန့်နိုင်ရေးအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နည်းလမ်းမျိုးစုံဖြင့် စစ်ကောင်စီကို ဖိအားပေး လုပ်ဆောင်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်”ဟု ဆိုထားသည်။

ပုံ- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ထန်တလန်မြို့ပေါ်က နေအိမ်များ မီးလောင်နေစဉ်

ထို့နောက် အနော်ရထာနှင့် အလောင်းမင်းတရား အထူးစစ်ဆင်ရေး အပါအဝင် တပ်မတော်(မူရင်း-စစ်ကောင် စီ)၏ စစ်ဆင်ရေးများကြောင့် မြန်မာနိုင်ငံအနောက် မြောက်ဘက်ခြမ်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေး တိုင်းတို့ရှိ အရပ်သားပြည်သူများ ဒုက္ခမျိုးစုံကြုံတွေ့ ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UNSC) အနေဖြင့် အထူးအစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပပြီး ကြိုးပမ်းဆောင်ရွက်ပေး ပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ICNCC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အလားတူ တပ်မတော်(မူရင်း-စစ်ကောင်စီတပ်ဖွဲ့)အနေဖြင့် ပြည်သူများအပေါ် စစ်ရာဇဝတ်ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရထံ ချက်ချင်းပြန်လည်အပ်နှံရန် ထပ်မံ၍ သတိပေး လိုက်ပါသည်ဟုလည်း ICNCC က ဆိုသည်။

ပုံ-ထန်တလန်မြို့ပေါ်က လူနေအိမ်များ မီးလောင်သွားသည့်စာရင်း

လက်ရှိတွင် ချင်းပြည်နယ်၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ ချင်းအမျိုးသားတပ်ဦး(CNF) ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လူနေအိမ်များ မီးလောင် ပျက်စီးမှုများ ရှိနေသလို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ လူဦးရေ စုစုပေါင်း ၆၀၀၀၀ (ခြောက်သောင်း)ကျော်ရှိနေ ကြောင်း သိရသည်။

တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို ရွေးကောက်ပွဲမဲစာရင်း အငြင်းပွားမှု မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချလိုက်ပြီးနောက် နစကကို ဖွဲ့စည်းကာ အုပ်ချုပ်လျက်ရှိနေသည်။

အဆိုပါ အခြေအနေများကြောင့် နိုင်ငံတကာက နစကတွင် ပါဝင်သူများကို စီးပွားရေး ပိတ်ဆို့ခြင်း အပါအဝင် စစ်လက်နက်မရောင်းချရေး၊ သံတမန် အသိုင်းအဝန်းမှာ အသိအမှတ်ပြုသည့် လုပ်ရပ်များ မလုပ်မိစေရေး စသည့် အခြေအနေများကို ဆောင်ရွက်လျက်ရှိနေသည်။