တိုကျို၊အောက်တိုဘာ ၃၁
မကြာသေးမီက ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ဖူမီယိုကီရှီဒါကို ပထမဆုံးအားစမ်းသည့် အမျိုးသားရွေးကောက်ပွဲတွင် ဂျပန်မဲဆန္ဒရှင်ပြည်သူများ စတင်၍ မဲပေးနေကြပြီဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက် (ယနေ့)နံနက်ပိုင်း၌ အေပီက သတင်းဖော်ပြသည်။
လတ်တလောအနေအထားတွင် ကီရှီဒါသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျဆင်းနေသောစီးပွားရေး၊ သက်ကြီး ရွယ်အိုတိုးပွားလာမှု၊ တရုတ်နှင့်မြောက်ကိုရီးယားတို့ဘက်မှ လုံခြုံရေးအရ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နေရသည်ဟု အေပီက ဆက်လက်ရေးသားသည်။
ဂျပန်အောက်လွှတ်တော်တွင် အမတ်နေရာ ၄၆၅ ရှိရာ လွှတ်တော်နှစ်ရပ်အနက် အောက်လွှတ်တော်က အား ပိုကောင်းသည်။ ကီရှီဒါ၏လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် ရွေးကောက်ပွဲအကြိုအဆင့်တွင် အမတ် နေရာအချို့ ဆုံးရှုံးရဖွယ်ရှိသော်လည်း ၎င်း၏ညွန့်ပေါင်းနိုင်ငံရေးလက်တွဲဖော် ကိုမီတိုနှင့်အတူ အမတ်နေရာ အများစုကို အေးအေးလူလူ ဆက်ထိန်းထားနိုင်ဆဲဖြစ်သည်။
အသက် ၆၄ နှစ်ရှိ ကီရှီဒါသည် အာဏာရပါတီအတွင်း ခေါင်းဆောင်နေရာကို ပြိုင်ဆိုင်ခဲ့ရာ အနိုင်ရခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ကီရှီဒါ၏ လတ်တလော ကိုင်တွယ် ဖြေရှင်းရမည့် တာဝန်များမှာ ယခင်ဝန်ကြီးချုပ်စူဂါလက်ထက်က ကပ်ရောဂါအစီအမံများအပေါ် ဂျပန်လူထု အကြား ဆန့်ကျင်နေမှုများနှင့် တိုကျိုအိုလံပစ်ကြောင့် ထောက်ခံမှုအားပျော့သွားခဲ့သောပါတီကို ထောက်ခံမှု ပြန်လည်တိုးမြှင့်လာစေရေးတို့ဖြစ်သည်။
ကီရှီဒါ ဝန်ကြီးချုပ်ရာထူးလက်ခံပြီး ၁၀ ရက်အကြာတွင် အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ တောင်းဆိုကာ ၎င်းအစိုးရသစ်အတွက် မဲဆန္ဒရှင်များထံမှ အပ်နှင်းသည့်လုပ်ပိုင်ခွင့် ရလိုကြောင်း ကြေညာခဲ့သည်။
မီဒီယာများက သတင်းဦးစားပေးဖော်ပြခဲ့ကြသော LDP ပါတီအတွင်း ခေါင်းဆောင်နေရာ ပြိုင်ဆိုင်ခဲ့ကြသည့် ၁၇ ရက်ကြာ တိုတောင်းသည့်မဲဆွယ်ကာလအတွင်း ကီရှီဒါအနေဖြင့် အတိုက်အခံများကို အသာစီးရခဲ့ကြောင်း နိုင်ငံရေးအကဲခတ်သမားများက ပြောကြသည်။
ကီရှီဒါသည် ၎င်း၏အာဏာကို ရေရှည်ချုပ်ကိုင်နိုင်ဖို့အတွက် ရွေးကောက်ပွဲကာလအတွင်း ကောင်းစွာလှုပ်ရှား ပြသနိုင်မှုအပေါ် မူတည်မည်ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်များဖြစ်ကြသော အာဘေးနှင့်စူဂါတို့ လက်ထက်က အကျင့်ပျက်ခြစားမှု၊ သိမ်မွေ့သော ဗျူရိုကရက်များကို ထိန်းကျောင်းရန်နှင့် ဆန့်ကျင်ဘက်အမြင်များကို ဖုံးကွယ် ထားသည်ဟူသော ဝေဖန်မှုများကို ဝန်ကြီးချုပ်သစ် ကီရှီဒါက ဆက်လက် ကိုင်တွယ်ဖြေရှင်းရဦးမည်ဖြစ်သည်။