တီဂရေး၊ အောက်တိုဘာ ၃၁

အီသီယိုးပီးယားနိုင်ငံ၊ တီဂရေးပြည်နယ်နှင့် ထိစပ်နေသော အမ်ဟာရာဒေသရှိ မဟာဗျူဟာကျသည့် ဒက်စီးမြို့ကို တီဂရေး ဒေသ(တီဂရာယန်)သူပုန်တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက အောက်တိုဘာ ၃၀ ရက်၌ ရေးသား ဖော်ပြသည်။

သို့သော် အီသီယိုးပီးယားအစိုးရ ပြောခွင့်ရသူက တီဂရာယန်သူပုန်တပ်အနေဖြင့် ဒက်စီးမြို့ကို သိမ်းပိုက်ခဲ့သည့် သတင်းကို ငြင်းဆိုထားပြီး ယင်းမြို့သည် အစိုးရထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးကြောင်း ဆိုသည်။

ဒက်စီးမြို့တွင်း နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားပြီးနောက် အစိုးရ တပ်များ အောက်တိုဘာ ၃၀ ရက်က ပြန်ဆုတ်သွားကြောင်း ဒေသခံများက ပြောသည်။

“အောက်တိုဘာ ၂၉ ရက် နံနက် ၂ နာရီဝန်းကျင်တွင် အစိုးရတပ်သားများ ယင်းဒေသမှ ပြန်လည်ဆုတ်ခွာလာရကြောင်း” အမည်မဖော်လိုသူ ဒက်စီးမြို့ခံတစ်ဦးက အတည်ပြုသည်။

တီဂရာယန်သူပုန်များသည် ENDF ဟု အတိုကောက်ခေါ်သည့် အီသီယိုးပီးယား အမျိုးသားကာကွယ်ရေးတပ်မှ တပ်သား များနှင့်အတူ မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။

ပုံ-ဒက်စီးမြို့ကိုတွေ့ရစဉ်။

တီဂရာယန်သူပုန်များသည် အစိုးရတပ်များကို ဒက်စီးမြို့မှ ရှင်းထုတ်နိုင်ခဲ့ပြီး ကွန်ဘော်ချာမြို့သို့ ထပ်မံဦးတည်သွား နိုင်ခဲ့ ကြောင်း တီဂရာယန်သူပုန်အဖွဲ့၏ တီဂရေးပြည်သူ့လွတ် မြောက်ရေးတပ်ဦး(TPLF)မှ ပြောခွင့်ရသူ ဂီတာချောရီဒါက ရိုက်တာ သတင်းဌာနသို့ ဂြိုဟ်တုဖုန်းဖြင့် ဆက်သွယ်အတည်ပြုခဲ့သည်။

အဆိုပါ သူပုန်တပ်သည် အစိုးရတပ်သား အများအပြားကို ဖမ်းမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ TPLF ၏ လက်ရှိ တိုးတက်မှု အနေအထားကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဒက်စီးမြို့မှ တယ်လီဖုန်းလိုင်းများ အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းအထိ ပြတ်တောက်သွားပုံရသည်။

အီသီယိုးပီးယား မြောက်ပိုင်း ဒေသအများစု၌ ဆက်သွယ်ရေး ပြတ်တောက်နေပြီး သတင်းထောက်များလည်း ဝင်ခွင့်မရ၍ စစ်မြေပြင် အခြေအနေကို အတည်ပြုရန် ခက်ခဲစေခဲ့သည်။

သို့ရာတွင် အဆိုပါမြို့သည် အစိုးရထိန်းချုပ်မှု အောက်တွင်သာ ရှိနေဆဲဖြစ်ကြောင်း၊ တီဂရာယန်သူပုန်များ လုပ်ကြံ ဖန်တီး ထားသော ဝါဒဖြန့်မှုများသာဖြစ်ကြောင်း အစိုးရပြောခွင့်ရသူ လက်ဂက်စီတူလူက မီဒီယာများကို ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ၏ မဟာဗျူဟာကျသော ဒက်စီးမြို့ကို သူပုန်တပ်က သိမ်းနိုင်ခဲ့ခြင်းသည် အမ်ဟာရာဒေသရှိ အစိုးရ တပ်များကို တွန်းလှန်ရန် ကြိုးပမ်းနေသော တီဂရာယန်သူပုန်များအတွက် မဟာဗျူဟာမြောက် အကျိုးအမြတ်တစ်ခု ဖြစ် သည်။