နယူးယောက်၊အောက်တိုဘာ ၃၀
မော်ရိုကိုအစိုးရနှင့် လွတ်လပ်ရေးလိုလားနေသော ပိုလီဆာရီယိုတပ်ဦးတို့အကြား ၁၉၉၁ ခုနှစ်က ထားရှိခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွား၍ စိုးရိမ်မကင်းဖြစ်မိကြောင်းနှင့် အငြင်းပွားမှုဖြစ်ပေါ်နေသော ဆာဟာရ သဲကန္တရအနောက်ခြမ်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ကို လုံခြုံရေးကောင်စီက တစ်နှစ်သက်တမ်း ထပ်မံတိုးပေးလိုက်ကြောင်း နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှလာသောသတင်းများကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
အဆိုပါအရေးကိစ္စအတွက် ကုလသမဂ္ဂ၌ အောက်တိုဘာ ၂၉ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၃ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ မပေါ်ခဲ့ပေ။ ရုရှားနှင့်တူနီရှားနိုင်ငံများကတော့ မဲမပေးကြပေ။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က မော်ရိုကိုနယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်ကို အသိ အမှတ်ပြုရန်၊ အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် စည်းရုံးခဲ့သည့် UN ဆုံးဖြတ်ချက် ထွက်ပေါ်ရေး အတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ခွဲထွက်ကာ အမေရိကန်က ဦးဆောင်ခဲ့သည်။
အာဖရိကတိုက်ရှိ အနောက်ဆာဟာရဆိုင်ရာ ကုလသမဂ္ဂသံတမန်အသစ် ခန့်အပ်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဝါရင့်သံတမန် စတက်ဖန်ဒီမစ်ကျူးရာက “တရားမျှတပြီး ရေရှည်တည်မြဲသည့် နှစ်ဦး နှစ်ဘက် လက်ခံနိုင်သော နိုင်ငံအဖြေတစ်ခုကို ရှာဖွေရန်နှင့် ကြိုတင်သတ်မှတ်ချက်များမထားဘဲ သစ္စာရှိရှိ ညှိနှိုင်းမှုများ ပြန်လည်စတင်ရန်” သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ တောင်းဆိုထားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်တွင် “အနောက်ဆာဟာရဒေသခံများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရည်မှန်းချက်ကို တောင်းဆို ထားသည်။ ယင်းရည်မှန်းချက်အတွက် အထက်ပါစာသားအသုံးအနှုန်းများသည် လုံခြုံရေးကောင်စီအတွင်း ဗီတိုအာဏာသုံးနိုင်သော ရုရှား၏တောင်းဆိုချက်အရ အမေရိကန်သံတမန်များ ထည့်သွင်းပြောကြားခဲ့သော အသုံးအနှုန်းများဖြစ်ကြသည်။
၎င်းဆုံးဖြတ်ချက်သည် ပြီးခဲ့သည့်နှစ်က ပျက်ပြယ်ခဲ့သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီမှုကို အပြည့်အဝလေးစားရန် လိုအပ်ကြောင်း ထပ်မံအတည်ပြုတောင်းဆိုထားသည်။
မော်ရိုကိုအစိုးရကတော့ အနောက်ဆာဟာရဒေသအတွက် ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဆိုပြု ထားသည်။ သို့သော် ပိုလီဆာရီယိုတပ်ဦးက ၎င်းတို့ခန့်မှန်းထားသော ဒေသခံလူဦးရေ ၃၅၀,၀၀၀ မှ ၅၀၀,၀၀၀ အတွင်း ဆန္ဒခံယူပွဲပြုလုပ်ပိုင်ခွင့်ရှိသည်ဟု အတိအလင်းပြောကြားခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းနေသော ပိုလီဆာရီယိုတပ်ဦးကို အယ်လ်ဂျီးရီးယားနိုင်ငံက ကျောထောက် နောက်ခံပြု ပေးသဖြင့် မော်ရိုက အယ်လ်ဂျီးရီးယားကို ပြီးခဲ့သည့် ဩဂုတ်လ၌ သံတ မန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ ရေရှား၍ လူဦးရေကျဲပါးသော အဆိုပါဒေသကို ၁၉၇၅ ခုနှစ်အထိ စပိန်နိုင်ငံက ထိန်းချုပ်ခဲ့ပြီးနောက် လက်ရှိကာလတွင် မော်ရိုကိုနိုင်ငံက ထိန်း ချုပ်ထားသည်။
စားပွဲဝိုင်းဆွေးနွေးပွဲများကို ပိုလီဆာရီယိုတပ်ဦးနှင့် မော်ရိုကိုတို့ ၂၀၁၉ ခုနှစ်အစောပိုင်း၌ နောက်ဆုံး ကျင်းပနိုင်ခဲ့သည်။ လတ်တလော UN ဦးဆောင်သည့်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အယ်လ်ဂျီးရီးယားက ကန့်ကွက်နေပြီး ပိုလီဆာရီယိုတပ်ဦးနှင့်မော်ရိုကိုအစိုးရတို့ တိုက်ရိုက်ညှိနှိုင်းသင့် သော လွတ်လပ်ရေးလှုပ်ရှားအဖြစ် ရှုမြင်ထားသည်။