၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ‌ရွေးချယ်ခံခဲ့ရသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၏ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ထုတ်ပေးရန် ကျပ်သန်းပေါင်း ၂,၄၁၃,၂၅၀(ကျပ် ၂၄ သန်းကျော်) ခန့်မှန်းလျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

နိုင်ငံ‌တော်မှ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် ဧပြီလကုန်၊ မေလအတွင်း ထုတ်ပေးရမည် ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယနေ့အထိ မထုတ်ပေးနိုင်ဘဲ (၅)လကျော်လွန်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက) ထံသို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက အောက်တိုဘာ ၄ ရက်နေ့တွင် လက်မှတ် ရေးထိုး တောင်းဆိုခဲ့သည်။

နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ရရှိရေး တောင်းဆိုသည့် ကိုယ်စားလှယ်ပေါင်း ၄၈၁ ဦးရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။ ထိုသူများမှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ပြည်သူ့ လွှတ်‌‌တော်ကိုယ်စားလှယ် (၃၁၈) ဦးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၁၆၃) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၄၈၁) ဦးတို့ ဖြစ်သည်။

ပုံ-အမျိုးသားလွှတ်တော်ကိုတွေ့ရစဉ်။

ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “အမှန်အတိုင်းဆို သူတို့က ကျနော်တို့ကို အကြောင်းပြန်ရမှာ စာတရားဝင် ပို့ထားတဲ့သူတွေမို့ အကြောင်းပြန်ရမှာ အခုထိ အကြောင်း မပြန်ဘူးဆိုတော့ သူတို့က ပွင့်လင်းမြင်သာမှုမရှိဘူး။ ဂရုမစိုက်ပဲနဲ့ သူလုပ်ချင်တာ လုပ်တဲ့သဘော အဲလိုပဲ ပြောရမှာပေါ့။ ငါတို့ စာတင်ထားတာကို သူတို့က အကြောင်းပြန်ပေးရမှာလေ။ ဒါပေမယ့် သူတို့မှာလည်း အချိန်ကာလနဲ့ အခုကတော့ ဒီလိုလျာထားတယ် ပြောလာ တယ်ဆို‌တော့ ကောင်းတာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ပေးအပ်ရန် လျာထားသည့် သတင်းရရှိမှုအတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက လက်မှတ်ထိုး တောင်းဆိုလိုက်သည့်အတွက် ထိရောက်မှုရှိကြောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံရေးပင်စင်ထုတ်ယူရန် ကိုယ်စားလှယ်များ၏ အမည်စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များအား လျှောက်ထားလာမှု မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပုံ-ပြည်သူ့လွှတ်တော်ကိုတွေ့ရစဉ်။

မအူပင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းကလည်း ၎င်းကိစ္စနှင့် ပတ်သက်ပြီး ယခုအထိ တစ်စုံတစ်ရာ အကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း ပြောသည်။

ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် (၃၁၈) ဦး၏ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ကျပ်သန်းပေါင်း (၁,၅၈၃,၅၀၀) နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၃) ဦးအတွက် နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ကျပ်သန်းပေါင်း (၈၂၉,၇၅၀ ) စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် (၄၈၁) ဦးအတွက် ကျပ်သန်းပေါင်း ၂,၄၁၃,၂၅၀ ခန့်မှန်းလျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ရန် အောက်တိုဘာ (၄) က တောင်းဆိုသည့်ပါတီများမှာ ရခိုင်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း အများစုပါဝင်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက် တစ်ပါတီ (NUD)မှ ကိုယ်စားလှယ်ဟောင်းများ ပါဝင်သည်ဟု ဦးအောင်သောင်းရွှေက ပြောသည်။

နိုင်ငံ‌တော်မှ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေကို တစ်နှစ်လျှင်(၁၀)သိန်းဖြင့် ငါးနှစ်အတွက် သိန်း(၅၀)ကို တစ်လုံး တစ်ခဲတည်း ပေးဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။