ဝါဆော၊အောက်တိုဘာ ၃၀

ပိုလန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် ရွှေ့ပြောင်းလာသူများကို တားဆီးရန်အတွက် ဘီလာရုစ်နယ်စပ်တွင် တံတိုင်းတစ်ခုတည်ဆောက်ရေး အငြင်းပွားမှုရှိနေသဖြင့် ပိုလန်လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ကြကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသနှင့်အာရှတို့မှ ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်လိုသူများသည် မကြာသေးမီ လများအတွင်း ပိုလန်နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြသည်။

ဘီလာရုစ်အစိုးရအနေဖြင့် ၎င်းတို့အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို လက်တုံ့ပြန်သည့် သဘောဆောင်ကာ ရွှေ့ပြောင်းဝင်ရောက်လာသူအရေအတွက် ပိုများလာစေရန် တွန်းအားပေးနေသည်ဟု ဥရောပသမဂ္ဂ (EU) က စွပ်စွဲထားသည်။

ပိုလန်မှ တည်ဆောက်မည့် ၅ ဒသမ ၅ မီတာ(၁၈ ပေ) တံတိုင်းသည် ယူရိုငွေ ၃၅၃ သန်း(အမေရိကန်ဒေါ်လာ ၄၀၇ သန်း)ကုန်ကျမည်ဖြစ်ပြီး ထိုလုပ်ရပ်သည် ငွေဖြုန်းတီးမှုသာဖြစ်ကြောင်း အကဲခတ်သမားတချို့က ဝေဖန် ကြသည်။

အဆိုပါ တံတိုင်းနံရံများတွင် အာရုံခံထောက်လှမ်းကိရိယာများနှင့်စောင့်ကြည့်ရေးစနစ်များ ထည့်သွင်း တပ်ဆင်ကာ ဘီလာရုစ်-ပိုလန်နယ်စပ်တလျှောက် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) ရှည်လျားမည်ဖြစ်သည်။ လာမည့်နွေရာသီတွင် စတင်တည်ဆောက်ရန် ပိုလန်အစိုးရက ရည်မှန်းထားသည်။

လက်ရှိကာလတွင် ဘီလာရုစ်ဘက်မှ ပိုလန်ဘက်သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသူ ၅၀၀ ခန့် နေ့စဉ် ရှိနေကြောင်း ပိုလန်က ပြောသည်။ ယမန်နှစ် အလားတူကာလတွင် ကြိုးပမ်းသူဦးရေမှာ ၁၂၀ ခန့်သာ ရှိခဲ့သည်။

အတိုက်အခံများနှင့် သဘောထားကွဲလွဲမှုများကို ဖြိုခွင်းခဲ့ခြင်းကြောင့် ဘီလာရုစ် သမ္မတအလက်ဇန္ဒား လူကာရှန်ကို အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားရာ ထိုအချက်ကို လက် တုံ့ပြန်သည့်အနေဖြင့် အိမ်နီးချင်း EU နိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများ လမ်းကြောင်းလွယ်ကူစေရန် တမင်တကာ လွှတ်ထားပေးခြင်း ဖြစ်ကြောင်း EU က စွပ်စွဲထားသည်။

ဝင်ရောက်လာသူများကို ထိရောက်စွာတားဆီးနိုင်ရန်အတွက် ဘလိတ်ဓားသွားပါရှိသည့်သွပ်ဆူးကြိုးများဖြင့် ခြံစည်းရိုးကာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီပြီး ပိုလန်အစိုးရက စေလွှတ်ထားသည်။

သို့သော် ပိုလန်အစိုးရ၏အစီအမံများကို နယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအပေါ် သက်ရောက်မှုရှိနေ၍ အဝေဖန်ခံနေရသည်။

လတ်တလော အဆိုပါနယ်စပ်ဘက်သို့ သတင်းထောက်များနှင့် အကူအညီပေးရေးဝန်ထမ်းများ ဝင်ရောက်ခြင်းမပြုရန် ထိရောက်စွာတားမြစ်ထားပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည်။