CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှ ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချလိုက်ကြောင်း သိရသည်။

ဦးဝင်းထိန်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာများသို့ ပြောကြားချက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းပေါ်ထွက်၍ တပ်မတော်ကို ဆန့်ကျင်ရန် ရေးသားခဲ့သည့်စာကို ထုတ်ပြန်ခဲ့ခြင်းများကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထို့နောက် ပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် ဒက္ခိဏခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးဝင်းထိန်သည် တပ်မတော် အမှတ်စဉ်(၅)ဗိုလ်လောင်း ကျောင်းဆင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး နေဝင်းအား လုပ်ကြံရန် ဦးအုန်းကျော်မြင့် အမှုတွဲတွင် ပါဝင်သည်ဟုဆိုကာ တပ်မတော်ကနေ ထုတ်ပယ်ခံခဲ့ရသည်။

ထို့နောက် စီးပွားရေးသမားအဖြစ် နေထိုင်လှုပ်ရှားခဲ့ရာ ၁၉၈၈ အရေးအခင်းဖြစ်သည့်အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်တင်ဦး၏ အဆက်အသွယ်ဖြင့် NLD အတွင်းရောက်ရှိကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့သည်။

အဆိုပါ အခြေအနေများကို ဖြတ်သန်းခဲ့ပြီးနောက် NLD တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်ခဲ့ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အတွင်း ရောက်ရှိခဲ့သည်။

အလားတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဦးဝင်းထိန်သည် NLD ပါတီအတွင်း သြဇာကြီးမားလာခဲ့ပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ NLD နာယကအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

လက်ရှိတွင် ဦးဝင်းထိန်သည် အသက် ၈၀ ဝန်းကျင်ရှိပြီးဖြစ်သည်။