ဘရာဇီလျံ အောက်တိုဘာ ၂၉

ဘရားဇီးနိုင်ငံရှိ ဌာနေတိုင်းရင်းသားများကို ပစ်မှတ်ထားကျူးလွန်သည့် အကြမ်းဖက်မှုအရေအတွက် ယမန်နှစ် ကထက် ၆၁ ရာခိုင်နှုန်း တိုးလာကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၂၈ ရက်က ရေးသားဖော်ပြသည်။

အဆိုပါလူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ၌ “ဘရာဇီး မြေပေါ်တွင် မူလနေထိုင်သူ မျိုးနွယ်စုများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ကက်သလစ်အသင်းတော် ဌာနေ သာသနာပြုကောင်စီ (CIMI) ၏မှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်တွင် သတ်ဖြတ်မှု ၁၈၂ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်က သတ်ဖြတ်မှု ၁၁၃ မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ၆၁ ရာခိုင်နှုန်းတိုးလာကြောင်း” ဆိုထားသည်။

ဘော်ဆိုနာရိုအစိုးရလက်ထက် ဌာနေတိုင်းရင်းသားများ၏မြေယာတောင်းဆိုမှုများမှာလည်း တုံ့ဆိုင်း သွားခဲ့ ကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ရေးသားထားသည်။ ဘရာဇီးနိုင်ငံတွင် တိုင်းရင်းသားမြေယာအမှု ၁၂၈၉ မှုအနက် ၈၃၂ မှုမှာ တရားဝင်အသိအမှတ်ပြုခြင်းကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုသည် မကြာသေးမီက တိုင်းရင်းသားနယ်မြေတစ်ခုသို့ သွားရောက်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ဌာနေတိုင်းရင်းသားများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်စေသည့် တရားမဝင် သတ္တု တူးဖော်နေမှုများကို တားမြစ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) မှ အမေရိကန် အကြီးတန်း သုတေသီ ဆီဇာမူနွတ်က အောက်တိုဘာ ၂၈ ရက်၌ တွစ်တာလူမှုကွန်ရက်၌ ရေးသား လွှင့်တင်ခဲ့သည်။

ဒီမတိုင်ခင်မှာလည်း မြောက်အမေရိကလွင်ပြင်မှ ဌာနေတိုင်းရင်းသားများကို ရှင်းလင်းပေးခဲ့သော အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကြီး ဂျော့အမ်းထရောင်းကက်စတာကို ဘရာဇီးသမ္မတက ချီးကျူးခဲ့သည်။

အဖိုးတန်နယ်မြေများကို ဌာနေတိုင်းရင်းသားများအတွက် သီးသန့်ထားရခြင်းအပေါ် သမ္မတက ဝေဖန်ခဲ့ပြီး ၎င်းတို့နောက်ထပ်တောင်းဆိုထားသောမြေများကို တစ်လက်မ ထပ်ပေးမည်မဟုတ်ကြောင်း ပြောကြားထားမှု ရှိသည်။

ဘော်ဆိုနာရို၏သဘောထားမှတ်ချက်များသည် တရားမဝင်သတ္တုတွင်းလုပ်သားများ၊ ကျူးကျော်နေထိုင်သူများနှင့် သစ်ထုတ်သူများအတွက် ခွန်အားဖြစ်စေပြီး တိုင်းရင်းသားသီးသန့်နယ်မြေများကို ကျူးကျော်ခြင်းသည် ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ပိုမိုဆိုးရွားစေကြောင်း လေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

ဘရာဇီးဌာနေတိုင်းရင်းသားမျိုးနွယ်စုထဲမှ ၈၀၀ ကျော်သည် Covid-19 ကြောင့် သေဆုံးခဲ့ရကြောင်း တရားဝင် ထုတ်ပြန်သည့်စာရင်းများအရ သိရသော်လည်း မြို့အသီးသီးရှိ တိုင်း ရင်းသားအချို့ သေဆုံးမှုများကိုမူ ထည့်သွင်း တွက်ချက်ခြင်းမရှိပေ။

ဘရာဇီးနိုင်ငံတွင် ဌာနေတိုင်းရင်းသားမျိုးနွယ်စု လူဦးရေ ၉ သိန်းကျော်ရှိပြီး ယင်းတို့အနက်မှ သုံးပုံတစ်ပုံသည် မြို့ပြဒေသများသို့ ၎င်းတို့သီးသန့်နယ်မြေများမှ ပြောင်းရွှေ့နေထိုင်ကြသည်။

ရိုက်တာသတင်းဌာနက သဘောထားမှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း ဘရာဇီးသမ္မတရုံးက ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။