ဘေရွတ်(လက်ဘနွန်)၊အောက်တိုဘာ ၃၀

ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ယီမင်ပြည်တွင်းစစ်ကို ဝေဖန်ထားသည့် ဝန်ကြီးတစ်ဦး၏ ဗီဒီယိုဖိုင်သည် ယခုသီတင်းပတ်အစောပိုင်းတွင် ထွက်ပေါ်လာခဲ့ရာ ဆော်ဒီက လက်ဘနွန်သွင်းကုန်အားလုံးကို တားမြစ်လိုက်ပြီး ဆော်ဒီဆိုင်ရာ လက်ဘနွန်သံအမတ်ကို နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့် ထုတ်ခဲ့ကြောင်း ဆော်ဒီအစိုးရပိုင် SPA သတင်းဌာနကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြ သည်။

ဆော်ဒီအာရေဗျသည် ၎င်းနိုင်ငံသားများကို လက်ဘနွန်သို့ ခရီးသွားလာခြင်း တားမြစ်ခဲ့ပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကိုလည်း ပြန်လည်ခေါ်ယူခဲ့သည်။

“လက်ဘနွန်အာဏာပိုင်များသည် အထောက်အထားများကို လျစ်လျူရှုကာ မှန်ကန်သောအစီအမံများ ဆက်လက် လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် လက်ဘနွန်သမ္မတနိုင်ငံနှင့် ဆက်ဆံရေးအပေါ် မိမိတို့အစိုးရက နောင်တရမိ ကြောင်း” ဆော်ဒီပိုင် SPA သတင်းဌာနက အောက်တိုဘာ ၃၀ ရက်တွင် ရေးသားဖော်ပြသည်။

အဆိုပါသတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ဘာရိန်းနိုင်ငံကလည်း ၎င်းတို့ပြည်တွင်းရှိ လက်ဘနွန် သံအမတ် ကို ဆော်ဒီနည်းတူအကြောင်းပြချက်ဖြင့် နှစ်ရက်အတွင်း နိုင်ငံထဲမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း ဘာရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

လက်ဘနွန်နှင့်ဆော်ဒီတို့အကြား ဆက်ဆံရေးမှာ ယခင်ကတည်းက တင်းမာနေခဲ့သော်လည်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်များနှင့် ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်တို့ကို ပြင်းပြင်း ထန်ထန် မှတ်ချက်ပေးထားသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်သို့ အောက်တိုဘာ ၂၆ ရက်က ပျံ့နှံ့သွားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမို တင်းမာ လာခြင်းဖြစ်သည်။

အီရန်နှင့် မဟာမိတ်ဖွဲ့ထားသော ဟူသီသူပုန်များသည် “ပြင်ပရန်လိုခြင်းမှ ၎င်းတို့ဘာသာ ခုခံ ကာကွယ် နေရကြောင်း” လက်ဘနွန်ဝန်ကြီး ဂျော့ကော်ဒါဟိက အဆိုပါဗီဒီယိုဖိုင်ထဲတွင် ပြောကြားခဲ့သည်။ ၎င်းသည် ဝန်ကြီးအဖြစ် ခန့်အပ်မခံရမီ တစ်လကျော်က အဆိုပါရုပ်သံအင်တာဗျူးကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ၎င်း၏သဘောထားမှတ်ချက်သည် အစိုး ရအဖွဲ့ထဲသို့ မဝင်မီက တစ်ဦးချင်းစီ၏သဘောထားမှတ်ချက်အနေဖြင့်သာ ပြောကြားထားခြင်းဟု သိရသည်။

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဆော်ဒီ၏လုပ်ရပ်အတွက် မိမိဝမ်းနည်းကြောင်း အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

လက်ဘနွန်ဝန်ကြီး၏သဘောထားမှတ်ချက်ကို ယခုသီတင်းပတ်အစောပိုင်းတွင် ဆော်ဒီအာရေဗျ၊ အာရပ် စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများက တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ လက်ဘနွန်ဆိုင်ရာသံအမတ်အသီးသီးကို ဆင့်ခေါ်ခဲ့သည်။ ၆ နိုင်ငံပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်များဖြစ်ကြသည့် ကာတာနိုင်ငံနှင့် အိုမန်နိုင်ငံတို့ကလည်း လက်ဘနွန်ဝန်ကြီး ဂျော့ကော်ဒါဟိ၏သဘောထားမှတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။