CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈

မြန်မာနှင့်တရုတ်မှာ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း မြန်မာ - တရုတ်နယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် တရုတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်လျက်ရှိနေသည်။

ထို့အတူ နိုဝင်ဘာ ၂၇ ရက်က တရုတ်စစ်တပ်မှ အရာရှိ၊ စစ်သည် ၇၀၀ ဦးခန့်ပါဝင်သော ရေယာဉ် ၃ စင်း မြန်မာသို့ ရောက်ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

၎င်းက “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ မနေ့က ကျနော်ပြောခဲ့သလို မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအတူ ယှည်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့မှာတော့ နယ်စပ်ဒေသများမှာ တရားမဝင် ဝင်ရောက်နေထိုင်သူများကို ကျနော်တို့ ပြန်လည်အပ်နှံရာမှာ တရုတ်အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦး ပေါင်း ၅၅၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

သီလဝါဆိပ်ကမ်းသို့ တရုတ်စစ်ရေယာဥ် ဆိုက်ကပ်လာပုံ

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်ရေတပ်အနေဖြင့် မြန်မာနိုင်ငံအတွင်းမှာ ချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှု နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

လက်ရှိတွင်လည်း မြန်မာ-တရုတ် နယ်စပ်အနီးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တရုတ်အနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကို အားပေးအားမြောက်ပြုလုပ်နေသည်ဟု လူထုများက မြင်ကြကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနကို ပြောသည်။ 

၎င်းက “ပထမတစ်ချက် ပြောရမှာကတော့ ကျနော်တို့ ဒီဗမာပြည်မှာ ဖြစ်နေတဲ့ တရုတ်သဘောထားပေါ့နော်၊ တရုတ်သဘောထားက အထွေထွေအားဖြင့်တော့ ကျနော်တို့ အခု မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ကိစ္စမှာ တရုတ်က နောက်ကနေပြီးတော့ မီးထိုးပေးတယ်လို့ လူထုအထွေထွေပေါ့နော် General Public Opinion အဲဒီလိုလေး မြင်နေကြတာပေါ့။ အဲဒီလိုမြင်တာ ဘယ်လောက်မှန်သလဲ၊ မမှန်သလဲဆိုတာကတော့ ပြောရခက်တယ်၊ တစ်ခု ကျနော်တို့ မှန်းဆကြည့်တာတော့ အဲဒီဖက်မှာ ကျနော်တို့က တရုတ်ပြည်ဖက်က ရှင်းလင်းပြတ်သားတဲ့ တုံ့ပြန်မှုတစ်ခုကို ကျနော်တို့ မတွေ့ရဘူး။ တစ်ခုရှိတာကတော့ အခုလုပ်တဲ့သဘောက တစ်ချက်က နှစ်နိုင်ငံ မိတ်မပျက် ချစ်ကြည်ပါတယ်လို့ မီးစတစ်ဖက် ရေမုတ်တစ်ဖက် လုပ်တာလား ဒါမှ မဟုတ် တကယ့်ကို ချစ်ကြည်ရင်းနှီးလိုတဲ့ စေတနာဆန္ဒအမှန်ပဲ ရှိသလားဆိုတာက ဘယ်သူမှ ကျနော်တို့က ဝေခွဲမရဘူး ဖြစ်နေတာပေါ့နော်၊ ကျနော်တို့ သုံးသပ်တဲ့ လူတွေရော လူထုမှာလည်း အဲဒီလို ဖြစ်နေတာ၊ အဲဒီတော့ ဒီဖက် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင်တော့ လုပ်သင့်တယ်လို့ ထင်တာပေါ့နော်” ဟု ပြောသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ MNDAA၊ TNLA နှင့် AA စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။