CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၁၄
ဆောင်းရာသီသို့ ဝင်ရောက်လာချိန်တွင် ယူကရိန်း၏ အခြေခံ အဆောက်အအုံများကို ရုရှားက တိုက်ခိုက်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က သတိပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ယူကရိန်း၏ အရှေ့ပိုင်း စစ်မျက်နှာပြင်တွင် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟုလည်း ဇာလန်းစကီးက ဆိုသည်။
ရုရှားသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယူကရိန်းအရှေ့ပိုင်း အက်ဗ်ဒီဗ်ကာ (Avdiivka) မြို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လာမည့် ရက်ပိုင်းအတွင်း ရုရှား၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု ယူကရိန်း စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ယူကရိန်းတောင်ပိုင်း မယ်လီတိုပိုလ် (Melitopol) မြို့တွင် ပေါက်ကွဲမှု တစ်ခုကြောင့် ရုရှား စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
ယူကရိန်းနိုင်ငံအတွက် ရုရှား၏ တိုက်ခိုက်မှုခံထားရသော နေရာတစ်ခုကိုတွေ့ရစဉ်
ထိုပေါက်ကွဲမှုသည် ယူကရိန်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု တစ်ခုဖြစ်သည်ဟု ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
ယူကရိန်း၏ ကိယက်ဗ် (Kyiv) မြို့တော်တွင် သီတင်းခုနစ်ပတ်အတွင်း ပထမဆုံး ရုရှား၏ ဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာ ၁၂ ရက် ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ဇာလန်းစကီး၏ ရုပ်သံ မိန့်ခွန်း၌ ဆောင်းရာသီကာလအတွင်း ရုရှား၏ တိုက်ခိုက်မှုများအတွက် ပြင်ဆင်ထားကြရန် သတိပေးခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ဟာ နိုဝင်ဘာလ တစ်ဝက်နီးပါးကို ရောက်လာခဲ့ပါပြီး ရန်သူတွေဟာ ကျနော်တို့ရဲ့ အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာနိုင်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
"ရုရှားဟာ ယူကရိန်းကို ပြင်းထန်စွာ တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒါကြောင့် ယူကရိန်းဘက်ကလည်း ကာကွယ်ရေးကို အာရုံစိုက်ပြီး ရန်သူတွေကို တုန့်ပြန်ဖို့နဲ့ ကျနော်တို့ စစ်သားတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ တတ်အားသရွေ့ လုပ်ဆောင်နေပါတယ်" ဟု ဇာလန်းစကီးက ပြောသည်။
ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်သည့် စစ်ပွဲ၏ ၁၀ လမြောက်ဖြစ်သည့် ပြီးခဲ့သည့်နှစ် ဆောင်းရာသီ ကာလအတွင်းကလည်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ စွမ်းအင်စက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ များနှင့်အခြား အခြေခံ အဆောက်အအုံများကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ယူကရိန်းအနေနှင့် ယခုနှစ် ဆောင်းရာသီအတွက် စွမ်းအင်အရင်းအမြစ်များ လုံလောက်စွာ ရှိသော်လည်း ရုရှားတပ်ဖွဲ့များက ထိုစွမ်းအင် အရင်းအမြစ်များကို တိုက်ခိုက်လာလျှင် အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်သည်ဟုလည်း ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန် ဂါလူရှ်ချန်ကို (German Galushchenko)က ပြောကြားခဲ့သည်။
Source: ရိုက်တာ