CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် နေထိုင်ပြီး တိုက်ပွဲရှောင်များအရေး ကူညီ ဆောင်ရွက်ပေးနေသူ စိုင်းမောဝ်အွန်(ခ) စိုင်းလူတိုဝ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်းကြောင့် ပြန်လွှတ်ပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ထုတ်ပြန် တောင်းဆိုခဲ့သည်။

စိုင်းမောဝ်အွန်သည် SNLD ပါတီ၏ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖြစ် လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်မှာတော့ အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ၎င်း၏ နေအိမ်ကနေ စိုင်းမောဝ်အွန်ကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

SNLD ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

SNLD ပါတီက “ စိုင်းမောဝ်အွန်သည် လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေသည့် မည်သို့သော အဖွဲ့အစည်း နှင့်မျှ ပတ်သက်ခြင်း မရှိဘဲ လူသားချင်းစာနာသော အကူအညီပေးရေး လုပ်ငန်းများကို လုပ်ဆောင်နေသူသာ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် ၎င်းအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးကာ အိမ် တိုင်ရာရောက် ပို့ဆောင်ပေးရန် တောင်းဆိုလိုက်ပါသည်”ဟု နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်ထိ စိုင်းမောဝ်အွန်သည် အသက်ရှင် နေသေးသလား အသတ်ခံလိုက်ရပြီးလားဆိုသည်ကို မသိရ သေးပေ။

သို့သော် စိုင်းမောဝ်အွန်အား ဖမ်းဆီးသွားသည့် စယ်လန့်ကျေးရွာအတွင်း လှုပ်ရှားနေသော TNLA တပ်ဖွဲ့ကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ အုပ်ချုပ်ရေးတာဝန်ခံ မူဆယ်မြို့နယ်မှူး ဦးဆောင်သည့် လုံခြုံရေး တပ်သား ၇ ဦးက သွားရောက်ညှိနှိုင်းစဉ် သာလွန် အင်အားဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

TNLA က SSPP မူဆယ်မြို့နယ်မှူးနဲ့ ရဲဘော်ကို ပစ်သတ်လိုက်လို့ SSPP က ကန့်ကွက်နေစဉ်

SSPP က “ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က အုပ်ချုပ်ရေးတာဝန်ခံ မူဆယ် မြို့နယ်မှူး ဦးဆောင်သည့် လုံခြုံရေးတပ်သား(၇) ဦးက ရှမ်းဒေသခံပြည်သူကို ဖမ်းဆီးသွားရခြင်း အကြောင်း သိစေဖို့ စယ်လန့်ကျေးရွာအတွင်း လှုပ်ရှားသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထံ အကျိုး အကြောင်း သွားရောက် မေးမြန်းရာကနေ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ စစ်အင်အား (၁၀၀) ဝန်းကျင် ဖြင့် SSPP/SSA တပ်ဖွဲ့ကို  ဝိုင်းဝန်းပိတ်ဆို့ပြီး TNLA မှ စတင်ပစ်ခတ်သောကြောင့် နေ့လယ် ၁၂ နာရီအချိန်ထိ စယ်လန့်ကျေးရွာ အတွင်း၌ ရုန်းရင်းဆန်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သာလွန်အင်အားနှင့်  ဝိုင်းရံထားသော တ ဖက်တပ်များကြားမှ သတ်ကွင်းထဲ နောက်ကျန်နေခဲ့တဲ့ SSPP မြို့နယ်မှူးနှင့် ရဲဘော်တို့ (၂)ယောက်က စစ်သုံ့ ပန်းအဖြစ် နောက်ဆုံး အဖမ်းခံလိုက်ပေမယ့် ရွာလယ်ခေါင်တွင် အရှင်လတ်လတ် ပစ်သတ်ခံခဲ့ရပါတယ်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

လက်ရှိတွင် TNLA သည် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(A A)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)တို့နှင့် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်မှာ စတင် ဖော်ဆောင်လျက်ရှိနေသည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို မြန်မာ့တပ်မတော်ကလည်း ချေမှုန်းနိုင်ရေး ကြိုးပမ်းနေခြင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတစ်ခုလုံးမှာ တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။