CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၃

အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီးနောက် တရုတ်ကလည်း နိုဝင်ဘာ ၂ ရက်က ၎င်း၏ တပ်ဖွဲ့များကို အသင့်အနေအထားတွင် ရှိစေရန် တပ်လှန့်နှိုးဆော် ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် နှစ်လအတွင်း အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားမှ ဒုတိယအကြိမ် မြောက် ဖြတ်သန်းမောင်းနှင်ခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်၏ Arleigh Burke အမျိုးအစား ဖျက်သင်္ဘောဖြစ်သည့် USS Rafael Peralta နှင့် ကနေဒါ တော်ဝင် ရေတပ်မှ Halifax အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘော HMCS Ottawa တို့သည် နိုဝင်ဘာ ၁ ရက်က ထိုင်ဝမ် ရေလက်ကြားကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဖြတ်သန်းမောင်းနှင် ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ရေတပ်က ထုတ်ပြန်ခဲ့သည်။ 

ထိုင်ဝမ်ရေလက်ကြားအနီးရှိ စစ်နယ်ဝန်းတွင် ရှိနေသည့် တပ်ဖွဲ့ဝင်များသည် အမြဲမပြတ် နိုးကြားမှုရှိနေပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပြတ်သားစွာ ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်၏ အရှေ့ပိုင်း စစ်နယ်ဝန်း ကွပ်ကွဲမှု ဌာနချုပ် (Eastern Theatre Command) ၏ ပြောရေးဆိုခွင့်ရှိသူ ရှီယိ (Shi Yi) က ပြောကြားခဲ့သည်။ 

ဟစ်ဘိုလာ အဖွဲ့ကို တွေ့ရစဉ်

ထိုကဲ့သို့ ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများ ဖြတ်သန်းမှုကို ရှီက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး တရုတ်ရေတပ်နှင့် လေတပ်သည် ထိုသင်္ဘောများ ဖြတ်သန်းမောင်းနှင်ခဲ့သည့် လမ်းကြောင်းကို ခြေရာခံစောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၉ ရက်ကလည်း အမေရိကန်နှင့် ကနေဒါစစ်သင်္ဘော နှစ်စင်းသည် တရုတ်နှင့် ထိုင်ဝမ် ရေလက် ကြားကို ပိုင်းခြားထားသည့် ကျဉ်းမြောင်းသော ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်ခဲ့ပြီးနောက် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်နှင့် ၎င်း၏မဟာမိတ် အနောက်နိုင်ငံများသည် ထိုင်ဝမ်ရေလက်ကြားနှင့် ရေပြင်ပိုင်ဆိုင်မှု အငြင်းပွား နေသည့် တောင်တရုတ်ပင်လယ်တွင် သင်္ဘောများ ဖြတ်သန်း မောင်းနှင်မှုကို တိုးမြှင့်လုပ်ဆောင်နေသဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

အမေရိကန်၏ အမှတ် ၇ စစ်သင်္ဘောကမူ ထိုကဲ့သို့ သင်္ဘောများ ဖြတ်သန်းမောင်းနှင်မှုသည် နိုင်ငံတကာ ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ၏ ပင်လယ်ပြင် နယ်နိမိတ်ထဲတွင်မှ မပါဝင်သည့် ထိုင်ဝမ်ရေလက်ကြား၏ စင်္ကြံလမ်းတစ်ခုမှ ဖြတ်သန်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုင်ဝမ်ရေလက်ကြားအတွင်း အမေရိကန်နှင့် ကနေဒါစစ်သင်္ဘောများ ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်သည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်ဟု ထုတ်ပြန် ခဲ့သည်။

Source: CAN