CNI International News
နီယာမေ၊ ဩဂုတ် ၁၇
နိုက်ဂျာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတကို ဖြုတ်ချခဲ့သော အာဏာသိမ်းမှုဖြစ်ပွားပြီး နောက် ဒေသတွင်းနိုင်ငံများက နိုက်ဂျာအား ကျူးကျော်ဝင်ရောက်လာနိုင်သည့် အခြေအနေအတွက် နိုက်ဂျာ ပြည်သူများက ကြိုတင်ပြင်ဆင်နေကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နီယာမေမြို့တော်တွင် နေထိုင်သူများသည် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS)၏ စစ်ရေး ကျူးကျော်ဝင်ရောက်မည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာ၌ စစ်တပ်ကိုကူညီပေးရန် လုပ်အားပေးအနေဖြင့် စစ်တပ် ထဲဝင်ရန် တိုက်တွန်းလျက်ရှိသည်။
ECOWAS က နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း(Mohamed Bazoum)ကို အာဏာပြန်မအပ်ပါက စစ်ရေးအရ ကြားဝင်မည်ဟု နိုက်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်များကို သတိပေးခဲ့ သည်။
အာဏာသိမ်းခံရတဲ့ သမ္မတ မိုဟာမက် ဘာဇုမ်းကိုတွေ့ရစဉ်
ထို့ပြင် နိုက်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်များက ထိုသတိပေးချက်ကို မျက်ကွယ်ပြုခဲ့သဖြင့် နိုက်ဂျာတွင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားသည့် တပ်ဖွဲ့များ ဖြန့်ကြက်ချမှုအား ECOWAS က ကြေညာခဲ့သည်။
နီယာမေမြို့တော်ရှိ ဒေသခံ အဖွဲ့တစ်ဖွဲ့က ဦးဆောင်ပြီး နိုက်ဂျာနိုင်ငံတစ်ဝန်းတွင် သောင်းနှင့်ချီသည့် တပ်သား သစ်များကို စုဆောင်းရန် ရည်ရွယ်ထားသလို တပ်သားသစ်များကို နိုက်ဂျာကာကွယ်ရေး ဗော်လန်တီယာများ (Volunteers for the Defense of Niger) အဖြစ် စာရင်းသွင်းရန် တိုက်တွန်းခဲ့သည်။
ထိုအဖွဲ့သည် စစ်ခေါင်းဆောင်များ အကူအညီ လိုအပ်လာသည့် အခြေအနေမျိုးတွင် တိုက်ခိုက်ရေး၊ ဆေးဘက် ဆိုင်ရာ ကူညီရေး၊ နည်းပညာနှင့် သယ်ယူပို့ဆောင်ရေးများကို ကူညီထောက်ပံ့ပေးမည်ဟု အဖွဲ့တည်ထောင်သူ များထဲမှ တစ်ဦးဖြစ်သည့် အမ်ဆာရို ဘာကို (Amsarou Bako) က ပြောကြားခဲ့သည်။
ECOWAS အဖွဲ့၀င်ကိုတွေ့ရစဉ်
နိုက်ဂျာအား စစ်ရေးကြားဝင်မှုတွင် ပါဝင်မည်ဟု နိုက်ဂျီးရီးယားနှင့် ဘီနင်နိုင်ငံတို့က ပြောကြားခဲ့သဖြင့် ထိုနိုင်ငံ များနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများမှ ကျူးကျော်မှုများ ဖြစ်ပွားလာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ယူဆခဲ့သည်။
နိုက်ဂျာတွင် အသက် ၁၈ နှစ်ကျော်သည့် မည်သူမဆို ဗော်လန်တီယာတပ်ထဲကို ဝင်ရောက်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့၏ အစီအစဉ်ကို စစ်ခေါင်းဆောင်များက သိရှိထားကြောင်း ဘာကိုက ပြောသည်။
လက်ရှိတွင် နိုက်ဂျာနှင့် ECOWAS အကြား လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပွားနေပြီး ဒေသတွင်း တင်းမာမှု များလည်း မြင့်တက်လျက်ရှိသည်။
Source: အေပီ