CNI International News

ဂျေရုဆလင်၊ ဇွန်လ ၂၆

ပြီးခဲ့သည့် သီတင်းပတ် ပါလက်စတိုင်းကျေးရွာများကို ရွှေ့ပြောင်း နေထိုင်သူများ၏ တိုက်ခိုက်မှုများအား အစ္စရေး လုံခြုံရေး အကြီးအကဲများက အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော အကြမ်းဖက်မှုများအဖြစ် သတ်မှတ်ခဲ့ ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။
 
ထို့ကြောင့် တခြားသော လက်ယာစွန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အမျက်ဒေါသနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 

အစ္စရေးစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ အကြီးအကဲများသည် သိမ်းပိုက်ထားသော အနောက် ဘက် ကမ်းခြေဒေသတွင် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် ပူးတွဲကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့ပြီး တန်ပြန်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြထားသည်။

စစ်တပ်အင်အားကို တိုးချဲ့သွားမည်ဟု တာဝန်ရှိသူများကပြောကာ Shin Bet ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့များ သည်လည်း အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုများ အပါအဝင် ဖမ်းဆီးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်။

ထိုကဲ့သို့ ထိန်းသိမ်းမှုသည် တရားစွဲဆိုခြင်းမရှိဘဲ သံသယရှိသူများကို ဖမ်းဆီးထားနိုင်သည်။ 

ထိုထိန်းသိမ်းမှုမျိုးကို ပါလက်စတိုင်းများ အပေါ်တွင် အများဆုံးလုပ်ဆောင်ကာ လူ့အခွင့်အရေး အဖွဲ့များကလည်း ဝေဖန်ထားသည်။ 

သံသရှိသူနှစ်ဦးကို ဖမ်းဆီးရန် အစ္စရေးတပ်များက ဂျီနင် (Jenin) ဒုက္ခသည် စခန်းကို ဇွန်လ ၂၆ ရက်နေ့တွင် ဝင် ရောက် စီးနင်းခဲ့ပြီးကတည်းက အနောက်ဘက် ကမ်းခြေဒေသတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။

အစ္စရေးလုံခြုံရေးအဖွဲ့နဲ့ ပါလက်စတိုင်း အမျိုးသမီး အချင်းများနေစဉ်

အမေရိကန်နှင့် ကုလတို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ယင်းကို ပြစ်တင်ရှုတ်ချသည်။

ဇွန်လ ၂၄ ရက်တွင် ရွှေ့ပြောင်း အခြေချသူများသည် ရာမဲလ်လာ (Ramallah) အနီးရှိ အမ်ဆာဖာ (Umm Safa) ဟု ခေါ်သော ပါလက်စတိုင်းရွာတွင် နေအိမ်အနည်းဆုံး နှစ်လုံးကို မီးရှို့ခဲ့ကာ အစ္စရေးလူမျိုး သံသယရှိသူ တစ်ဦး ကို ဖမ်းဆီးခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ 

သီတင်းပတ် အစောပိုင်းတွင်လည်း အစ္စလူမျိုး ရွှေ့ပြောင်း အခြေချနေထိုင်သူ ရာပေါင်းများစွာသည် ပါလက်စတိုင်းရွာ တစ်ခုကို ဝင်စီးခဲ့ကာ အိမ်နှင့်ကားများကို မီးရှို့ခဲ့သည်။ 

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ ကြေညာချက်သည် ဂျူးအခြေချ နေထိုင်သူများ၏ စုပေါင်းအပြစ်ပေးမှု အဓိပ္ပာယ် ပယ်မျိုး ဖြစ်နေသည်ဟု လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတီမာ ဘင်- ဗာ (Itamar Ben-Gvir) က ဇွန်လ ၂၅ ရက်နေ့တွင် ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝင်ရောက် မီးရှို့ခဲ့သူများကို ကာကွယ်ပေးရန် မည်သည့်အတွက်ကြောင့် အာတီရတ် (Ateret) အခြေချနေထိုင်မှု စခန်း၏ဂိတ်များကို ပိတ်ပစ်ခဲ့ပါသနည်းဟုလည်း ဘင်ဗာက မေးခွန်းထုတ်သည်။ 

လုံခြုံရေးအကြီးအကဲ၏ ထုတ်ပြန်ချက်သည် အစိုးရအဖွဲ့တွင်းရှိ အခြားသော လက်ယာစွန်းဝန်ကြီး တစ်ပါးကို ဒေါသဖြစ်စေခဲ့သည်။ 

အာရပ်အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့် အရပ်သားများ၏ တန်ပြန်လုပ်ဆောင်ချက်များကို တစ်တန်းထဲ သတ်မှတ်လိုက်ခြင်းက ယုတ်မာ၍ အန္တရာယ်များသော လုပ်ရပ်ဖြစ်သည်ဟု ဆိုကြသည်။

ရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် ၎င်းတို့သဘောဖြင့် တရားစီရင်နေခြင်းကို ရှောင်ကျဉ်ရန်လည်း ၎င်းက တောင်းဆိုသည်။ 

Source: Aljazeera