၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂

တပ်မတော်ဘက်က ပြည်သူလူထုကို အကာအကွယ်မပေးဘဲ ဖမ်းဆီးနှိပ်စက်နေပါက ဆွေးနွေးရန်ခက်ခဲမည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်သည့် ဖေဖော်ဝါရီ ၁ ရက် နေ့ နောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေးအတွက် တပ်မတော်ဘက်က ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ မီးရှို့နေမှုများကို ရပ်တန့်ပြီး အကာအကွယ်ပေးရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိ နေသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ ပြည်သူလူထုကို အသဲအသန် နှိပ်ကွပ်နေရင်တော့ သတ်ဖြတ်နေရင်တော့ ဆွေးနွေးရေး လမ်းစဉ်ကလည်း ရောက်ဖို့လွယ်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကို အကာအကွယ်ပေးခြင်းဆိုတာ တာဝန်ရှိတယ်။ ကာကွယ်ပေးရင်နဲ့ ပဋိပက္ခဖြစ်လာမယ် ပဋိပက္ခဖြစ်လာရင် ညှိနှိုင်းဖို့က ခက်လာမယ်။ ဒါကြောင့် တပ် မတော်ဘက်ကလည်း ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၊ မီးရှို့၊ အကာအကွယ်မပေးတဲ့အပြင် အဲဒီလိုလုပ်မယ် ဆိုရင်ပေါ့ဗျာ။ အဲဒီလို အကြမ်းဖက်နေမယ်ဆိုရင်တော့ဗျာ ဆက်ပြီးတော့ လုပ်ရင်တော့ နည်းနည်းတော့ ညှိဖို့က ပိုခက် တာပေါ့။ အဲတာကြောင့် လျှော့ဖို့လိုတယ်လို့ ကျနော်တို့က မေတ္တာရပ်ခံတာ”ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် များ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ PNLO တို့သည် နိုင်ငံရေးဆွေးနွေးပွဲ များကို ယာယီ တစ်နှစ်ရပ်ထားမည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် တပ်မတော်နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေသလို KNU၊ CNF၊ RCSS တို့ လှုပ်ရှားဒေသများတွင် စစ်ရေးတင်းမာလျက်ရှိသလို တိုက်ပွဲများလည်း တချို့ရှိနေသည်။

ရပ်တန့်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် တပ်မတော်က အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့က နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်က ဖော်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့် ၃ ဆင့်မှာ နံပါတ်(၁) သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ နံပါတ် (၂)တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက် ရိုက် ဆွေး နွေးခြင်း၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့်ဆွေးနွေးခြင်းတို့ ဖြစ်သည်။နံပါတ်(၃) NCA လက်မှတ် ရေးထိုး ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များ ရရှိရေးများ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ စသည်တို့ကို ဖွဲ့စည်း ၍ ဆောင်ရွက်နေကြောင်း သိရသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက နိုင်ငံရေးသဘောတူညီချက်များ ရရှိရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေး ဆွေး နွေးပွဲများ တစ်ချိန်မဟုတ် တစ်ချိန်ပြန်စရမှာ ဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော်၏ ပြည်သူလူထုအပေါ် နှိပ်စက်နေမှု များ ရှိနေပါက မဖြစ်နိုင်သေးကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက်ပိုင်း လူထုဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းဖြစ် ပွားခဲ့ရာ လူ ၁၀၀၀ ကျော်သေဆုံးခဲ့သလို ၃၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ထုတ်ပြန် ထားသည်။