CNI International News

ဝါရှင်တန်၊အောက်တိုဘာ ၂

ဖက်ဒရယ်ပြည်ထောင်စုတစိတ်တပိုင်းရပ်ဆိုင်းခြင်းကို ရှောင်ရှားရန်နှင့် အစိုးရရန်ပုံငွေကို လာမည့် ဒီဇင်ဘာလ ၃ ရက်အထိ ထိန်းသိမ်းထားရန် ဥပဒေကြမ်းများကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၃၀ ရက် ညနေပိုင်း၌ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်း၌ လွှတ်တော်က အဆိုပါဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးဖြစ်သည်။ အမေရိကန် ဆီးနိတ်လွှတ်တော်က ထောက်ခံမဲ့ပေးခဲ့ပြီး အောက်လွှတ်တော် အကျပ်အတည်းတစ်ခု ရှောင်လွှဲနိုင်ရန် ဦးတည် ခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကပ်ဆိုးတစ်ခု မကျရောက်မီ အစိုးရချေးငွေ ဘယ်လိုမြှင့်တင်မှာလဲ ဆိုသည့် အငြင်းပွားမှုသည် နိုင်ငံရေးပါတီများအတွက် အနှောင့်အယှက်ဖြစ်နေသည်။

ရေတိုရန်ပုံငွေအတိုင်းအတာနှင့်ပတ်သက်သည့် ဥပဒေကြမ်းကို အောက်လွှတ်တော်တွင် ၂၅၄ မဲ-၁၇၅ မဲဖြင့် အတည်ပြုနိုင်ခဲ့ပြီး အထက်လွှတ်တော်၌ ၆၅-၃၅ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ လွှတ်တော်နှစ်ရပ်စလုံးတွင် ကန့်ကွက်မဲပေးခဲ့သူများမှာ ရီပတ်ဘလစ်ကန်အမတ် အများစုဖြစ်ကြသည်။

လက်ရှိဘတ်ဂျက်နှစ်(Budget Year)သည် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံတွင် ကုန်ဆုံးပြီး အစိုးရကို ထိန်းထားရန် ဥပဒေပြဋ္ဌာန်းရေးမှာ လွှတ်တော်တွင် လိုအပ်ချက်ဖြစ်လာသည်။

ဖက်ဒရယ်အေဂျင်စီများအတွက် အသုံးစရိတ်နှင့်အုပ်ချုပ်ရေး အစီအမံများ ချမှတ်ရန် လုပ်ဆောင်ရမည့် လမ်းကြောင်း ပြီးမြောက်အောင် လွှတ်တော်အမတ်များ အချိန်ယူရလိမ့်မည်ဟု အေပီသတင်းတွင် ဆက်လက် ရေးသားထားသည်။

“ဒီဥပဒေကြမ်းအတည်ပြုချက်ဟာ နှစ်ဦးနှစ်ဘက် အကျိုးပြုလုပ်ငန်းတွေ ဖြစ်နိုင်တယ်။ ကျနော်တို့ အစိုးရ ဆက်လက်ရပ်တည်ဖို့နဲ့ အမေရိကန်ပြည်သူတွေကို ရန်ပုံငွေတွေ ပေးအပ်နိုင်ဖို့အတွက်က ကျနော်တို့ အချိန် ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစိုးရ၏ ပွင့်လင်းမြင်သာမှု ဆက်ထိန်းထားနိုင်အောင် လွှတ်တော်အတွင်း၌ ဒီမိုကရက်တစ်ပါတီမှ အမတ် များသည် ရှုပ်ထွေးခက်ခဲမှုများကို ကျော်ဖြတ်ရင်း ကျောထောက်နောက်ခံအဖြစ် ဆောင်ရွက်ပေးခဲ့ရသည်။ ၎င်းအမတ်များသည် ဘိုင်ဒန်အစိုးရ၏ထိပ်တန်းပြည်တွင်းဦးစားပေးကိစ္စရပ်များအတွက် ရုန်းကန်ခဲ့ကြရာတွင် ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ အခြေခံအဆောက်အဦဆိုင်ရာ ဥပဒေကြမ်းလည်း အပါအဝင်ဖြစ်သည်။ ယင်းဥပဒေမှာလည်း လွှတ်တော်၌ ဆိုင်းငံ့ခံရနိုင်ခြေ နီးကပ်နေသည်။

ဒီမိုကရက်တစ်အမတ်များသည် ဘိုင်ဒန်၏အစီအစဉ်ကို အာရုံစိုက်ပြီး အစိုးရရန်ပုံငွေဥပဒေကြမ်းတွင် ကြွေးမြီကန့်သတ်ချက်များ ကျော်လွှားရန် လွှတ်တော်ထဲတွင် ငြင်းဆန်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရီပတ်ဘလီကန်အမတ်များကတော့ ချေးငွေအခင်းအကျင်းကို အားတတ်သရော ချေဖျက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အကယ်၍ ထိုရန်ပုံငွေကိစ္စအတွက် ယခုအောက်တိုဘာ ၁၈ ရက်မတိုင်မီ ဆောင်ရွက်ခြင်းမရှိပါက အမေရိကန်သည် ငွေကြေးအကျပ်အတည်းနှင့် စီးပွားရေးကျဆင်းမှုတို့ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယေးလန်းက ပြောကြားခဲ့သည်။