CNI News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁

ချစ်ကြည်ရေး တိုးမြှင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နှင့် မိတ်ဖက်ဖြစ်ရေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အဆင်သင့်ရှိသည်ဟု NUG ၏ ဝန်ကြီးချုပ်ဖြစ်သူ မန်းဝင်းခိုင်သန်းက ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် ၇၂ ကြိမ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာမှာ မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ပြောထားခြင်း ဖြစ်သည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ချစ်ကြည်ရေးတိုးမြှင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့်ရှိနေပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင်ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်”ဟု ဆိုသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့ခြင်းနှင့် မြန်မာပြည်သူ အားလုံးအတွက် တရုတ် မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးသည့် တရုတ်အစိုးရ၏ ကတိကဝတ်များအတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း သဝဏ်လွှာထဲမှာ ဖော်ပြထားသည်။

အလားတူ မြန်မာနှင့်တရုတ်တို့ အားကောင်းပြီး ထူးခြားသည့် ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးရရှိမှု သေချာစေရန် နီးနီးကပ်ကပ် ပူးပေါင်း ဆောင် ရွက်နေပါကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဆိုကာ အစိုးရ ၂ ရပ် စင်ပြိုင်ဖြစ်နေပြီး နှစ်ဖက်စလုံးက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်း တစ်ရပ်ကို ရရှိအောင် ကြိုးပမ်းနေကြသည်။

ယခင်က တရုတ်နိုင်ငံသည် တပ်မတော်နှင့်ဆက်ဆံရေး ကောင်းမွန်ပြီး ကျောထောက်နောက်ခံပေးနေသည်ဟုဆိုကာ NUG အပါအဝင် NUG ထောက်ခံသော အင်အားစုများက စွပ်စွဲ၍ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ပိုင် စီးပွားရေး လုပ်ငန်း များကို ခြိမ်းခြောက်မှုများရှိသည်။

အလားတူ NUG ၏ နိုင်ငံခြားရေး ပေါ်လစီသည် အနောက်နိုင်ငံများအပေါ် အားကိုးအားထားပြုသည့် ပေါ်လစီဖြစ်နေပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း နိုင်ငံများနှင့်ဆက်ဆံရေးမှာ အားနည်းလှကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြမှုများ ရှိခဲ့သည်။