၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ တစ်နေ့တခြား ပိုမိုပြင်းထန်လာ၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ဒဏ်ရာရ ကျဆုံးနေရသည့်ပေါ် အထူးဝမ်းနည်း ကြေကွဲမိပါကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ယနေ့ (အောက်တိုဘာ ၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူလူထုအတွက် တိုက်ပွဲများ လျော့ချရန် လိုအပ်သည်ဟု ဆိုသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “အဓိကတော့ တိုက်ပွဲကိစ္စပေါ့။ နောက်တစ်ချက်က ပြည်သူလူထုတွေက နေရပ်ကို စွန့်ခွာရတဲ့ဟာတွေ ဒီနှစ်ချက်ကြောင့်ပေါ့။ အဓိကကြတော့ ကျနော်တို့ RCSS အနေနဲ့ ကြတော့ ရှမ်းပြည်လူထုအတွက် အဓိကကျတာပေါ့။ လူထု တွေက အရင်က တိုက်ပွဲဖြစ်လို့ ရှိရင် IDP အနေနဲ့ တိုက်ပွဲရှောင်တယ်။ ခဏလောက်ရှောင်လို့ ပြီးရင် တိုက်ပွဲငြိမ်သွားလို့ရှိ ရင် ကိုယ့်ရပ်ကိုယ့်ရွာကို နေလို့ရတယ်လေ။ အခုဟာကတော့ တိုက်ပွဲလည်း ပြင်းထန်လာတယ်။

နေရပ်စွန့်ခွာတဲ့ ပြည်သူ လူထု တွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်သွားလို့မရဘူးပေါ့။ နောက်တစ်ခုက ရွာတွေလည်း အရှို့ခံရတာတွေ ရှိလာ တယ်။ ဒါကြောင့် ထုတ်ပြန်ရတာ ဖြစ်တယ်” ပြောသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ပလောင်ပြည်လွတ် မြောက်ရေး တပ်ဦး (PSLF/TNLA) ပူးပေါင်းတပ်တို့ နယ်မြေ အငြင်းပွားမှုများကြောင့် မိုင်းကိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

စစ်ရေးပဋိပက္ခများ ဖြေရှင်းရန် RCSS အနေဖြင့် SSPP ၏ ဥက္ကဖြစ်သည့် ဗိုလ်ချုပ်ကြီး ပန်ဖထံ စာရေးသား ညှိနှိုင်းခဲ့ သော်လည်း SSPP ဖက်မှ အကြောင်းပြန်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ SSPP တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ပုံ-မိုင်းကိုင် တိုက်ပွဲရှောင်များကိုတွေ့ရစဉ်။

 

RCSS နှင့် SSPP တို့ကြား တွေ့ဆုံဆွေးနွေးပြီး ပြဿနာများ ဖြေရှင်းနိုင်ရေး သံဃာ‌တော်များနှင့် ပြည်သူလူထုတို့ ကြိမ်ဖန်များ စွာ ကြားဝင်ဖျန်ဖြေ ကြိုးပမ်းပေးခဲ့သော်လည်း မျှော်လင့်သည့် ရလဒ်ကောင်း မရရှိသည့်အတွက် RCSS အနေဖြင့် စိတ် မကောင်း ဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS အနေဖြင့် လက်ရှိတိုက်ပွဲများကို တွေ့ဆုံဆွေးနွေးရေးနှင့် ဖြေရှင်းခြင်းမှာ အကောင်းဆုံးဟု ယူဆထားသော်လည်း တွေ့ဆုံရန် တစ်ဖက်က ထိုးစစ်ဆင်လာသည့်အတွက် တွေ့ဆုံဆွေးနွေးရန် ခက်ခဲနေသည်ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

 

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး အကျပ်အတည်းဖြစ်တယ်။ နောက်ငွေတန်ဖိုးတွေ ကျတယ်။ လူထုတွေက ဒုက္ခ ရောက်နေတဲ့အထဲမှာ ကိုဗစ်ရောဂါလည်း ဖြစ်နေသေးတာဆိုတော့ ပြည်သူလူထုက ပိုပြီးတော့ ဒုက္ခရောက်တယ်။ နောက် နေရပ်စွန့်ခွာရတာဆိုတော့ ထပ်ဆင့်သူတို့ ပိုဒုက္ခရောက်တာပေ့ါနော်။ ပြည်သူလူထုကို အလုပ်ကျွေးပြုတယ်ဆိုရင် ပြည်သူ လူထုကို ကြည့်ရမှာပေါ့။ ခါတိုင်း တိုက်ပွဲမှာ လူထုက စစ်ဘေးရှောင်ရတယ်ဆိုပေမယ့် တိုက်ပွဲငြိမ်သွားလို့ရှိရင် သူတို့ ရပ်ရွာကို ပြန်သွားလို့ရတယ်။ အခုဟာကြ‌တော့ ရွာထဲမှာလည်း ဗုံးတွေ ဘာတွေကျတယ်။ အိမ်တွေ မီးလောင်တာတွေ ဖြစ်လာတယ်။ နောက်ပြန်သွားလို့လည်း မရပြန်ဘူး။ ပြန်သွားလို့ရှိရင်လည်း နှိပ်စက်မှုတွေ ကြုံရတယ်။ ဒါမျိုးကြတော့ လူထုအတွက် မကောင်းဘူးပေါ့” ဟု ၎င်းက ပြောသည်။

တပ်မတော် အာဏာသိမ်းပြီး (၈)လအကြာတွင် ဒေသတွင်း တိုက်ပွဲများကြောင့် ပြည်သူလူထုများ နေရပ်စွန့်ခွာရခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားခြင်းများကြောင့် စီးပွားရေး၊ စားဝတ်နေရေးနှင့် ခရီးသွားလာရေးတို့ ခက်ခဲ ကျပ်တည်း လာသည့်အပေါ် RCSS အနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်ပြီး SSPP ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ်မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။