ပြုံယမ်း၊စက်တင်ဘာ ၃၀
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းက ပြန်လည်သင့်မြတ်ရေးကမ်းလှမ်းချက်တစ်ခုအနေဖြင့် တောင်ကိုရီးယားနှင့် အရေးပေါ်ဆက်သွယ်ရေးတယ်လီဖုန်းနံပါတ် ပြန်လည်ထားရှိလိုကြောင်း ပြောကြား ခဲ့သည်ဟု ဘီဘီစီသတင်းတစ်ပုဒ်တွင် စက်တင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။
ပြုံယမ်းသည် တောင်ကိုရီးယားနှင့်အမေရိကန်တို့စစ်ရေးလေ့ကျင့်မှုများကို ဆန့်ကျင်သောအားဖြင့် ယခုနှစ် ဩဂုတ်လကတည်းက အစိုးရချင်းဆက်သွယ်သည့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့သည်။
ပြုံယမ်း၏နှစ်ပတ်လည်လွှတ်တော်အစည်းအဝေး၌ ယင်းကဲ့သို့ မစ္စတာကင်မ်၏နောက်ဆုံးမှတ်ချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
“သံတမန်ရေးထိတွေ့ဆက်ဆံမှုကို အမေရိကန်က အမွှမ်းတင်ပေမယ့် ရန်လိုတဲ့လုပ်ရပ်တွေ ဖုံးကွယ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် လှည့်စားထားပါတယ်။ အမေရိကန်အစိုးရအဆက်ဆက်က ရန်လိုတဲ့မူဝါဒကို ချဲ့ထွင်လေ့ရှိပါတယ်” ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
သို့သော် မစ္စတာကင်မ်က တောင်ကိုရီးယားဆီသို့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအခြေအနေတစ်ခုကို ရှေ့တိုး လိုနေသည်။
“ဖြတ်တောက်ထားတဲ့ တောင်နဲ့မြောက်ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထားရှိလိုတဲ့ ကင်မ်ဂျုံအန်းရဲ့ ရည်ရွယ်ချက်ဟာ အခုအောက်တိုဘာလဆန်း ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပထမဆုံးပြန်ကောင်းလာစေဖို့ အာရုံစိုက် နေတယ်ဆိုတာ သိသာထင်ရှားစေပါတယ်” ဟု KCNA သတင်းဌာနက ဆက်လက်ရေးသားသည်။
“ဒါပေမယ့် တောင်ကိုရီးယားရဲ့ဆက်ဆံရေး ပြန်ကောင်းလာမှာလား(ဒါမှမဟုတ်)လက်ရှိအခြေအနေထက် ပိုဆိုးလာမှာလားဆိုတာက တောင်ကိုရီးယားအာဏာပိုင်တွေရဲ့သဘောထားအပေါ် မူတည်ပါတယ်” ဟု KCNA က ဆိုသည်။
မစ္စတာကင်မ်၏ ယခုနောက်ဆုံးမှတ်ချက်များသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ၎င်း၏ညီမဖြစ်သူ ပြောကြားချက် အပေါ် ထပ်လောင်းပုံဖော်ခဲ့ပြီး ရန်လိုသောမူဝါဒများ အဆုံးသတ်လျှင် မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနှင့် ဆွေးနွေးမှု ပြန်လည်စတင်ရန် ဆန္ဒရှိခဲ့ကြောင်း သိရသည်။
၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးသွားချိန်တွင် ငြိမ်းချမ်းရေးသဘောတူညီချက် ထွက်ပေါ်မလာခဲ့ခြင်းကြောင့် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် နည်းဗျူဟာအရ တိုက်နေကြဆဲဖြစ်သည်။ ၎င်းနှစ်နိုင်ငံကြား ဆက်သွယ်ရေးဖုန်းလိုင်းများ လုံးဝဖြတ်တောက်ထားပြီးနောက် မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှ ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။