CNI International News

နေပြည်တော်၊ မေလ ၅

နှစ်နိုင်ငံကြားရှိ ကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် တရုတ်နှင့် မြန်မာ တို့ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်ဂန်း၏ မေလ ၂ ရက်မှ ၄ ရက်နေ့အထိ မြန်မာပြည်ခရီးစဉ်အတွင်း သဘောတူခဲ့ကြောင်း CGTN သတင်းတွင် ဖော်ပြထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ရာစဉ် တရုတ်နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာကျင်ဂန်း (Qin Gang)က အိမ်နီးချင်း နှစ်နိုင်ငံကြားတွင် ပေါက်ဖော် ဆက်ဆံရေးကို ပိုင်ဆိုင်ထားခြင်းကြောင့် တရုတ်သည် မြန်မာနှင့်ဆက်ဆံရေးအား အလေးအနက်ထားသည်ဟု ပြောသည်။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ အသိုက်အဝိုင်းကို တည်ဆောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ခြေလှမ်းနှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု ခြေလှမ်းများကို ဦးဆောင်ရန် အတွက် မြန်မာနှင့်ပူးပေါင်းသွားရန် အဆင်သင့်ရှိသည်ဟု ကျင်က ပြောသည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုရရှိရန် တရုတ်နိုင်ငံဘက်က ရိုးသားစွာ မျှော်လင့်ထား ကြောင်း ကျင်က ပြောသည်။

 ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာကျင်ဂန်းနဲ့ နစက၏ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံစဉ်

၎င်းက “မြန်မာ့ အခြေအနေများနှင့် ကိုက်ညီမှုရှိသော မြန်မာ့စရိုက် လက္ခဏာများနှင့် တိုးတက်မှု လမ်းကြောင်း တစ်ခုကို ဖော်ဆောင်ရေး တရုတ်နိုင်ငံအနေဖြင့် ကူညီပေးသွားမည်”ဟု ပြောသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အား ထောက်ပံ့ ကူညီလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ကွဲပြားမှုများကို ဖြေရှင်းရေး သက်ဆိုင်ရာ အဖွဲ့အစည်းများကို ထောက်ခံလျက်ရှိကြောင်း ကျင်က ဆက်ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးနှင့် ရင်ကြားစေ့ရေးတို့တွင် အပြုသဘော ဆောင်သည့်ဘက်မှ ပါဝင်ကူညီရန်လည်း ကျင်က တိုက်တွန်းသည်။

၎င်းက “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအပြင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံန်ရှိ စီမံကိန်းများတွင် အဓိကကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံသားများအတွက် အကျိုး ဖြစ်ထွန်းစေမည့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တခြားသော အကြောင်းအရာ များဆိုင်ရာ စီမံကိန်းများကို ပြည့်မှီအောင် ဆောင်ရွက်ရေးတို့၌ ဆက်လက် ကူညီသွားမည်”ဟု ပြောခဲ့သည်။

တရုတ်အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ဆက်ဆံရေးများ မြှင့်တင်ရန် ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရေး အတွက် နှစ်နိုင်ငံလုံးနှင့် လုပ်ဆောင်သွားလိုသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာကျင်ဂန်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

နှစ် ၇၀ နီးပါးကြာ သံတမန် ဆက်ဆံရေး စတင်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် နှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို အစဉ်အမြဲ ထိန်းသိမ်းကာ ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သည်ဟု မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

CGTN ၏ ဖော်ပြချက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာခေါင်းဆောင်ဟု ရည်ညွန်းထားသည်ကိုလည်း တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား မိတ်ဖက် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ရန်နှင့် အနာဂတ်ကို မျှဝေပိုင်ဆိုင်ထားသည့် မြန်မာ-တရုတ် အသိုက်အဝန်းကို တည်ထောင်သွားလိုသည်”ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကိစ္စများတွင် တရုတ်နိုင်ငံ၏ မျှတ၍ ဘက်မလိုက်သော ရပ်တည်ချက်အတွက် ကျေးဇူးတင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Source: CGTN