ဒီမာပူရ်(နာဂလန်း) စက်တင်ဘာ ၁၉
အိန္ဒိယထောက်လှမ်းရေးဗျူရို(IB)အထူးညွှန်ကြားရေးမှူးဟောင်း အေကေမီရှရာသည် စက်တင်ဘာ ၁၈ ရက်က နာဂလန်း ဒေသ၊ ဒီမာပူရ်မြို့သို့ ရောက်ရှိလာခဲ့ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-IM) ခေါင်းဆောင်ပိုင်းများနှင့် ချူမောက် ကဲဒီမာ (Chumukediama) ရဲစခန်းဝင်းအတွင်း စက်တင်ဘာ ၂၀ တွင် တွေ့ဆုံ၍ နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များ ဆွေးနွေးမည်ဖြစ်ကြောင်း nganlandpost.com ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
ညှိနှိုင်းရေး အကြီးအကဲအဖြစ် တာဝန်ယူထားသူ NSCN(IM) ၏ အထွေထွေအတွင်းရေးမှူး တီအိတ်ချ်မွီးဗားလည်း အဆိုပါ တွေ့ဆုံမှု အစီအစဉ်သို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ယခုတွေ့ဆုံမှု၌ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ဆွေးနွေးမှုများကို ပြန်လည်ရည်ညွှန်းမည်ဟု မျှော်လင့်ရပြီး အေကေမီရှရာနှင့် အတူ အိန္ဒိယထောက်လှမ်းရေးဗျူရို(IB)ညွှန်ကြားရေးမှူး အာဗင်ကူးမားလည်း လိုက်ပါဆွေးနွေးမည်ဖြစ်သည်။ ယခုတွေ့ဆုံ မည့် အစီအစဉ်သည် ဝန်ကြီးချုပ်ရုံး၏ ညွှန်ကြားချက်အရ NSCN(IM) အဖွဲ့ပေါ် နှစ်ဘက် သဘောတူညီမှုမှ ရလဒ်တစ်ခု ပေါ်ထွက်ရေးအတွက် ယခင်ဆွေးနွေးမှုများအပေါ် အခြေခံ၍ ထပ်မံညှိနှိုင်း အဖြေရှာရန်ဟု ဆိုသည်။
နာဂလန်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် နာဂရေးရာ ပါဝင်ဆွေးနွေးသူ အာရ်အင်န်ရာဘီ (RN Ravi) တို့အကြား ဆက်သွယ် ဆောင်ရွက်မှုများတွင် အဟန့်အတားများ ရှိနေသည့် အတွက် NSCN(IM) ကို အိန္ဒိယထောက်လှမ်းရေးဗျူရိုနှင့် ပြန်လည် ချိတ်ဆက်စေ ဆွေးနွေးနိုင်ရေး ဗဟိုအစိုးရ၊ ဝန်ကြီးချုပ်ရုံးက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အာရ်အင်န်ရာဘီနေရာတွင် ပါဝင်ဆွေးနွေးသူ အသစ်တစ်ဦး ထပ်မံ အစားထိုးရေးကို တရားဝင် မကြေညာသေးသော်လည်း ထောက်လှမ်းရေးဗျူရိုနှင့် NSCN(IM) တို့အကြား ဆွေးနွေးမှုမှာ ယခုသတင်းရေးသားချိန်အထိ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ပါဝင်ဆွေးနွေးသူ အာရ်အင်န်ရာဘီက နာဂအုပ်စုများနှင့် တရားဝင်ဆွေးနွေးမှုများမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က အပြီးသတ်ခဲ့ပြီဟု ကြေညာထားခဲ့သော်လည်း ဗဟိုအစိုးရအနေဖြင့် နောက်ထပ် ပါဝင်ဆွေးနွေးသူတစ်ဦး အစားထိုး ခန့်အပ် နိုင်ဖွယ် မရှိသေးကြောင်း အဆိုပါ သတင်းရင်းမြစ်များက ထပ်လောင်းပြောသည်။
ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ အစောပိုင်းက ကတိပေးခဲ့သည့်အတိုင်း အုပ်စုအားလုံးနှင့် တရားဝင်ဆွေးနွေးမှုများမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် အပြီးသတ်ခဲ့သည့် ကာလသတ်မှတ်ချက်(time-frame) ဖြစ်ကြောင်း အာရ်အင်န်ရာဘင်က ယင်းနှစ် အောက်တိုဘာလ၌ Nagaland Post သို့ ပြောကြားဖူးခဲ့သဖြင့် ထိုဆွေးနွေးမှုများကို ယခုတဖန် ပြန် လည် စတင်ခြင်း ဟု ယူဆရသည်။
နာဂအမျိုးသားအလံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခွဲခြားသတ်မှတ်ရေး တောင်းဆိုချက်အပေါ် ဆွေးနွေးသည့် အဆင့်အထိ အိန္ဒိယအစိုးရနှင့် NSCN(IM) တို့ရောက်ရှိခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က သတင်းများ ဖော်ပြပြီး ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ တွေ့ဆုံဆွေးနွေးမှုတွင် ‘အငြင်းပွားနေသည့် ကိစ္စရပ်အားလုံး အပြီးသတ် ညှိနှိုင်းခဲ့ကြောင်း’ နှင့် ငြိမ်းချမ်းသော နိုင်ငံရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သော NSCN(IM) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက Naganland Post သို့ အတည်ပြု ပြော ခဲ့သည်။
ယခုနှစ် အစောပိုင်းက နာဂအလံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့်ပတ်သက်ပြီး ရပ်တည်ချက်အပေါ် NSCN(IM) က ထပ်လောင်း အတည်ပြုခဲ့ပြီး အလံနှင့်ဖွဲ့စည်းပုံတို့ဖြင့် နာဂအမျိုးသား ဝိသေသလက္ခဏာကို မည်သည့်အရာနှင့်မျှ စားပွဲဝိုင်းပေါ် အပေးအယူ အလဲအလှယ်လုပ်၍ အစတေးခံမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားထားသည်။
NSCN(IM)သည် ၁၉၈၀ ခုနှစ်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကနေ ခွဲထွက်လာခဲ့သော နာဂ လက်နက် ကိုင် အဖွဲ့ဖြစ်သည်။ ထိုနှစ်က နာဂအမျိုးသားအရေး ကြိုး ပမ်းရာမှာ NSCN အတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲခဲ့ကြ ပြီးနောက် အိုက်ဇက်ချီရှီဆူနှင့် အိုက်ဇက်ဗွီးဗားတို့ ဉီးဆောင် ၍ NSCN(IM)ဟု ခွဲထွက်ခဲ့သလို ကပ္ပလန်ဦးဆောင်သော အုပ်စု ကလည်း NSCN(K)ဟု ခွဲထွက်ခဲ့ရာ နာဂ လက်နက်ကိုင် နှစ်ဖွဲ့ကွဲသွားကြသည်။
လက်ရှိတွင် NSCN(IM)သည် အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်ကာ နာဂနိုင်ငံတော် ထူထောင်နိုင်ရေး ကြိုးပမ်းနေပြီး အိန္ဒိယအစိုးရကို တော်လှန်တိုက် ခိုက်လျက်ရှိသလို NSCN(K)ကမူ မြန်မာဘက်ခြမ်း၌ အခြေစိုက်၍ နာဂနိုင်ငံတော်ထူထောင် နိုင်ရေး ကြိုးပမ်းကာ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။
ထို့နောက် အိန္ဒိယအစိုးရနှင့် NSCN(IM)ကြား ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး တစ်နှစ်တစ်ခါ သက်တမ်းတိုးလာရာမှ ၂၀၁၅ ခုနှစ်အရောက်မှာတော့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်တစ်ရပ် ချုပ်ဆိုကာ နိုင်ငံရေးဆွေးနွေးလျက်ရှိသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
SNCN(K)ကမူ အိန္ဒိယအစိုးရနှင့် ၂၀၁၁ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး တစ်နှစ်တစ်ခါတိုးလာရာ ၂၀၁၅ ခုနှစ်မှာ ပျက်ပြယ် သွားခဲ့၍ ယနေ့အထိ တိုက်ခိုက်လျက်ရှိသည်။ သို့သော် မြန်မာအစိုးရနှင့်မူ ၂၀၁၂ ခုနှစ်၊ ဧပြီလက တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ထိုးထားပြီး တည်ငြိမ်ရေးကို ထိန်းထားသည်။