ဝါရှင်တန် စက်တင်ဘာ ၁၉
ကာလီဖိုးနီးယားနှင့် တက္ကဆတ်ပြည်နယ် အပါအဝင် အမေရိကန်ပြည်နယ်အချို့မှာ ထောင်နှင့်ချီသည့် အာဖဂန်လူမျိုးများကို လက်ခံရန် သတ်မှတ်ထားပြီး အချို့ပြည်နယ်များတွင်တော့ ဆယ်ဂဏန်းသာ နေရာချပေးထားမည်ဟု CBS သတင်းအရ သိရသည်။
ဘိုင်ဒန်အစိုးရသည် ယခုသီတင်းပတ်အတွင်း အာဖဂန်နစ္စတန်မှ ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည် ၃၇,၀၀၀ (သုံးသောင်းခုနှစ်ထောင်) နီးပါးကို အမေရိကန်အသိုင်းအဝိုင်းမှာ နေရာချထားပေးဖို့ ပြည်နယ်အာဏာပိုင်များကို အကြောင်းကြားထားသည်။
ကယ်လီဖိုးနီးပြည်နယ်တွင် အာဖဂန်လူမျိုး ၅,၂၂၅ (ငါးထောင့်နှစ်ရာနှစ်ဆယ့်ငါး) ဦး လက်ခံလိမ့်မည်ဟု မျှော်လင့်ရပြီး တက္ကဆတ်ပြည်နယ်တွင် ၄,၄၈၁ (လေးထောင့်လေးရာရှစ်ဆယ့်တစ်) ဦး လက်ခံနိုင်ရန် စီစဉ်ထားသည်။ အိုကလာဟိုးမားပြည်နယ်တွင်တော့ ဒုက္ခသည် ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) နေရာချထားပေးမည်ဖြစ်ပြီး ဝါရှင်တန်နှင့် အရီဇိုးပြည်နယ်များ၌ ၁၆၀၀ (တစ်ထောင့်ခြောက်ရာ) ခန့် လက်ခံနိုင်မည်ဟုဆိုသည်။
အမေရိကန်အစိုးရ၏ စာရင်းများအရ ပထမဦးစွာ နေရာချထားရေးအဆင့်မှာ အာဖဂန်မှ ပြောင်းရွှေ့လာသူ ၁၀၀၀ (တစ်ထောင်) ကျော်ကို မယ်ရီလန်၊ မစ်ချီဂန်၊ ဗာဂျီးနီးယား၊ မစ်ဇူရီ၊ နယူးယောက်၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားနှင့် ဖလော်ရီဒါပြည်နယ်များမှာ ၁၀၀ (တစ်ရာ) စီ ခွဲဝေနေရာချထားမည်ဟု အေပီသတင်းက ဆိုသည်။ အလန်ဘားမားနှင့် မစ္စစ္စပီပြည်နယ်များမှာ ကယ်ဆယ်ရေးစခန်း ၁၀ ခုပဲ လက်ခံမည်ဟု သိရသည်။
ဟာဝိုင်အီ၊ ဝိုင်အိုမင်၊ အနောက်ဗားဂျီးယားနှင့် တောင်ဒါကိုတာပြည်နယ်များတွင်တော့ အာဖဂန်ဒုက္ခသည်များကို လက်ခံရန် လတ်တလောအစီအစဉ်မရှိသေး
ပေ။
စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းမှာ အမေရိကန်လုံခြုံရေးစစ်ဆေးမှုနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို စောင့်ဆိုင်းနေကြသည့် အာဖဂန်လူမျိုးများကို အမေရိကန်နိုင်ငံထဲ ပို့ဆောင်ပေးနေစဉ်မှာပင် ဂျာမနီ၊ စပိန်၊ အီတလီ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် ကာတာနိုင်ငံထဲတွင် စစ်ဘေးရှောင်အာဖဂန်ဒုက္ခသည် ၁၂,၀၀၀ (တစ်သောင်းနှစ်ထောင်) ကျော် ကျန်ရှိနေသေးဆဲဖြစ်သည်။
စက်တင်ဘာ ၁၇ ရက်က အမေရိကန်သို့ ပထမဆုံးရောက်ရှိလာသူ အာဖဂန်ဒုက္ခသည်များထဲမှာ ဝက်သက်ရောဂါစွဲကပ်နေသူများ တွေ့ရှိရခြင်းကြောင့် ဒုက္ခသည်သယ်ဆောင်ရေး အမေရိကန်လေကြောင်းခရီးစဉ်များကို ခေတ္တဆိုင်းငံ့ထားရသည်။
အောက်တိုဘာလအထိ အာဖဂန်လူမျိုး ၆၅,၀၀၀ (ခြောက်သောင်းငါးထောင်) ကျော်အထိ နေရာချထားပေးရေးထောက်ပံ့ရန်နှင့် လာမည့်နှစ်ဘဏ္ဍာနှစ်အတွက် ဒုက္ခသည် ၃၀,၀၀၀ (သုံးသောင်း) ကျော် ဆက်လက်ထောက်ပံ့နိုင်ရန် ကွန်ဂရက်သို့ ဘိုင်ဒန်အစိုးရက ဘဏ္ဍာရေးတောင်းခံထားသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်သို့ ရောက်လာသည့် အာဖဂန်နိုင်ငံသားအချို့သည် အမေရိကန်စစ်ပွဲများတွင် ကူညီခဲ့သဖြင့် ၎င်းတို့၏ အိမ်ထောင်ဘက်များနှင့် ကလေးများကို အမြဲတမ်းနေထိုင်ခွင့်ရ အမေရိကန်အဆင့်အတန်း ရရှိစေမည်ဖြစ်သည်။
တာလီဘန်တို့ထိန်းချုပ်လိုက်သော အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သားများနှင့် အမေရိကန်သံရုံးဝန်ထမ်းများအပါအဝင် အခြားအာဖဂန်လူမျိုးများကို အမေရိကန်သို့ ပြည်ဝင်ခွင့်ပြုထားသည်။