လော့အိန်ဂျလိစ်၊စက်တင်ဘာ ၁၈
အမေရိကန်အိမ်ခြံမြေသူဌေး ရောဘတ်ဒတ်ကို လွန်ခဲ့သော အနှစ် ၂၀ က ရင်းနှီးသောမိတ်ဆွေတစ်ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် စက်တင်ဘာ ၁၇ ရက်က သေဒဏ်ချမှတ်လိုက်ကြောင်း ဘီဘီစီသတင်းဌာနက ရေးသား ဖော်ပြသည်။
စုစုပေါင်း ၇ နာရီခွဲခန့်ကြာအောင် ရုံးတော်တွင် စစ်ဆေးပြီးနောက် ထွက်ရှိလာသော စီရင်ချက်သည် ဆယ်စုနှစ် လေးခုနီးပါးကြာအောင် ရှုပ်ထွေးနေခဲ့သောအမှုကို အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် မစ္စတာ ရောဘတ်ဒတ်၏ ပထမဇနီး ကက်သလင်းမက်ကော်မက်ခ်(Kathleen McCormack) ထူးဆန်းစွာ ပျောက်ဆုံးမှုနှင့် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုက စူဆန်ဘားမန်း(Susan Berman) အား သတ်ဖြတ်ခဲ့မှုတို့အတွက် ရောဘတ်ဒတ်ကို စီရင်ချက်ချခဲ့ရာ ၎င်းက ဘီးတပ်ကုလားထိုင်ဖြင့် တရားခွင်တွင် ထိုင်ရင်း စီရင်ချက်ကို နား ထောင်နေခဲ့သည်။
အသက် ၇၈ နှစ်ရှိ သန်းကြွယ်သူဌေး ရောဘတ်ဒတ်သည် ပထမအဆင့်လူသတ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်မရှိသည့် ထောင်ဒဏ်တစ်သက်ကျခံရမည်ဖြစ်သည်။ ထို့ပြင် လာမည့် အောက်တိုဘာလတွင်လည်း နောက်ထပ်တရားခွင်၌ ၎င်းကို သေဒဏ်ချမှတ်ရန် စီစဉ်ထားသည်။
ရောဘတ်ဒတ်၏ပထမဇနီး ကက်သလင်းသည် ဆေးကျောင်းသူတစ်ဦးဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပြီး ၎င်းကို သေဆုံးသွားပြီဟု ယူဆခဲ့ကြသည်။
စက်တင်ဘာ ၁၇ ရက် စီရင်ချက်ချပြီး မကြာခင်မှာပင် ကက်သလင်း၏ဆွေမျိုးသားချင်းများက ကြေညာချက် တစ်စောင် ချက်ချင်းထုတ်ပြန်လျက် ရောဘတ်ဒတ်ကို နောက်ထပ်တ ရားစွဲရန် နယူးယောက်မြို့၊ ဝပ်ချက် စတာခရိုင်ရှိ အစိုးရရှေ့နေများကို တိုက်တွန်းခဲ့သည်။
“လော့စ်အင်ဂျလိစ်ရှိ တရားစီရင်ရေးစနစ်က စူဆန်ဘားမန်းမိသားစုအတွက် ဥပဒေအရ ဆောင်ရွက်ပေးသည့် နည်းတူ ကက်သလင်းမိသားစုအတွက်လည်း ဆောင်ရွက်ပေးရန် အချိန် တန်ပြီဖြစ်ကြောင်း” ကက်သလင်း၏ ဆွေမျိုးသားချင်းများက ကြေညာချက်ထဲတွင် တိုက်တွန်းတောင်းဆိုထားသည်။
ရောဘတ်ဒတ်သည် တက္ကဆက်ပြည်နယ်တွင် ပုန်းအောင်နေစဉ်အတွင်း ၎င်း၏စရိုက်လက္ခဏာကို သိရှိသွားသော သက်ကြီးအိမ်နီးချင်းတစ်ဦးဖြစ်သူ မောရင်းဘလက်ကိုလည်း ၂၀၀၁ ခုနှစ်က တတိယမြောက်လူသတ်မှုအဖြစ် သတ်ဖြတ်ခဲ့သေးကြောင်း ဘီဘီစီက ဆက်လက်ရေးသားဖော်ပြသည်။ သို့သော် အလောင်းကို မဖျောက်ဖျက်မီ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့် အကြောင်းပြချက်ဖြင့် အမှု တရားသေ လွှတ်ခဲ့သည်ဟုဆိုသည်။
ရောဘတ်ဒတ်သည် နယူးယောက်မြို့ရှိ အချမ်းသာဆုံးနှင့်ဩဇာတိက္ကမအရှိဆုံး လူကုန်ထံမျိုးဆက်မှ ပေါက်ဖွား လာသူဖြစ်ပြီး တရားခွင်တွင် သက်သေထွက်ဆိုခဲ့သူ ၎င်း၏ညီ ဒေါက်ကလပ်ဒတ်က “ကျနော့်ကိုတောင် သူက သတ်ချင်သေးတာဗျ” ဟု ရုံးတော်သို့ ပြောကြားခဲ့သည်။
ရောဘတ်ဒတ်သည် စီရင်ချက်အရ ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် ပြစ်ဒဏ်ကျခံရတော့မည်ဖြစ်သည်။