၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အမည်ကို အလွဲသုံးစားပြုကာ အလှူခံနေမှုများသည် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ ကရင်တစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်း ဌာနသို့ ပြောသည်။

စစ်တပ် အာဏာရယူပြီးနောက်ပိုင်း KNU ၏ တပ်မဟာနယ်မြေအလိုက် နာမည်များကို အလွဲသုံးစားပြုကာ အလှူငွေ ကောက်ခံမှုများ ရှိနေသည်။ထိုလုပ်ရပ်များကြောင့် အလှူငွေပေးသည့် သူများအတွက် စိတ်မသို့မသန့် ဖြစ်စေပြီး ငွေကြေး ကိစ္စဖြစ်သည့်အတွက် အဖွဲ့အစည်း တစ်ခုချင်းအပေါ် သက်ရောက်မှု များစွာရှိကြောင်း ပဒိုစောတောနီးက ဆိုသည်။

KNU နိုင်ငံခြားရေးတာ၀န်ခံ ပဒိုစောတောနီးက “ကျနော်တို့ ရပ်တည်နေတာ၊ လုပ်ဆောင်တဲ့ဟာက လူထုအပေါ်မှာပဲ မှီခို နေရတဲ့ အခါကြ‌တော့ လူထုထောက်ခံမှု လျော့ကျသွားနိုင်တယ်၊ မလျော့ကျသွားနိုင်ဘူးဆိုတာ ကျနော်တို့ အပေါ်မှာ ယုံကြည်မှု ရှိလား၊ မရှိလားဆိုတဲ့ အပေါ်မှာ ရှိတယ်။ အဲဒါကို အလေးထား လုပ်ဆောင်ဖို့ လိုပါမယ်။ နောက် ကျနော် တစ်ခု သတိပေးချင်တာက အဲဒါကို အခွင့်ကောင်းယူပြီးတော့ နာမည်အရရော၊ ထင်ပေါ်ကျော်ကြားမှုရော၊ မကောင်းဘူးလို့ ကျနော် ပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါမျိုးဟာ လူတစ်ဦးချင်းမကဘူး တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာအရရော၊ အဖွဲ့အစည်း ရဲ့ ဂုဏ်သိက္ခာအရရော၊ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ‌ရော၊ ထိခိုက်နိုင်တဲ့ အခါကြတော့ အဲတာမျိုးကို သတိထားဖို့ လိုပါ တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

KNU အနေဖြင့် ထိုဖြစ်ရပ်များကို သတိထားရမှာဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းအတွင်းက KNU နာမည်ကို အသုံးပြု၍ စောဩဂတ်စ်ဆိုသည့် လူတစ်ဦးက လူသစ်စုဆောင်းမှုများပြုလုပ်နေသလို အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သေးသည့် အတွက် မိမိတို့ အဖွဲ့အစည်းနှင့်မသက်ဆိုင်ကြောင်း KNU မှ မတ် ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း KNLA ၏ တပ်မဟာ(၅) အမည်ခံကာ KNLA စစ်၀တ်စုံများ ၀တ်ဆင်ကာ အလှူငွေများ ကောက်ခံမှုများ ပြုလုပ်နေသည့် အခြေအနေများလည်း ထွက်ပေါ်ခဲ့သေးသည်။

ငွေကြေးကိစ္စနှင့် ပတ်သက်၍ ‌ KNU အနေဖြင့် ကော်မတီဖွဲ့ကာ သေသေချာချာ တာဝန်ပေးပြီး လုပ်ဆောင်လေ့ရှိပြီး ယခု ကဲ့သို့ ပေါက်ပန်းဈေးမျိုး KNU တွင် မရှိကြောင်း ပဒိုစောတောနီးက ပြောသည်။

၎င်းက “နီးစပ်ရာ တပ်မဟာတွေဖြစ်တဲ့ တပ်မဟာ ခရိုင်တွေ နီးစပ်ရာ သတိပေးတာမျိုးတွေ ရှိတယ်။ အဲဒါမှ မဟုတ်ဘူး တကယ်တမ်း ကြီးတဲ့ဟာတွေဆိုရင် ကျနော်တို့ ဗဟိုကနေပြီးတော့ သတိပေးတာတွေ ရှိတယ်။ အခုလောလော ဆယ် ထွက်ပေါ်လာတဲ့ ဟာကတော့ သူနဲ့ နီးစပ်တဲ့ တပ်မဟာကတော့ မဟုတ်ဘူးဆိုရင်တော့ သူတို့ ငြင်းဆိုရင် ငြင်းဆိုမယ်။ သတိပေးရင်ပေးမယ်လေ” ဟု ပြောသည်။

စစ်တပ်က အာဏာရယူပြီး ၇ လကြာလာသော်လည်း နိုင်ငံတကာအနေဖြင့်လည်း စိတ်ဓါတ်ရေးရာတွင် ပံ့ပိုးမှုရှိသည့်တိုင် ရုပ်၀တ္ထုပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ ထူးထူးခြားခြား ပံ့ပိုးမှု မရှိကြောင်းလည်း ပဒိုစောတောနီးဆိုသည်။

KNU သည် မြန်မာတစ်ပြည်လုံးနှင့် ဖြစ်ပေါ်နေသည့် ခုခံတော်လှန်ရေးကာလတွင် ကိုယ့်လူထုနှင့်အတူ ခက်ခက်ခဲခဲဖြင့် ရုန်းကန်လှုပ်ရှားလာရကြောင်း ပဒိုစောတောနီးက ပြောသည်။