၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၇

ရခိုင်တက္ကသိုလ် ကျောင်းသား ၄ ဦးကို စက်တင်ဘာ ၁၆ ရက်က စစ်တွေမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချ မှတ် လိုက်သည့်အပေါ် ANP လူငယ်အဖွဲ့(ANP Youth Wing)က ကန့်ကွက်ရှုတ်ချ‌ကြောင်း ထုတ်ပြန်သည်။

ANP Youth Wing မှ ပြန်ကြားရေးတာဝန်ခံ ကိုဆန်းဌေးမောင်က “ဒါကကျတော့ မဖြစ်သင့် ဘူးပေါ့။ ပြောရမယ်ဆိုရင် (၁၁)လအကြာ သူတို့ကို ချုပ်နှောင်ထားပြီးတော့ ဒီရုံးထုတ်တာတွေလည်း ရုံးချိန်း ရက်တွေ ဘာတွေ ရွှေ့ ဆိုင်း ပြီးတော့ လုပ်တာတွေရှိတယ်။ အဲနောက်ပိုင်းမှာ ကျနော်တို့က သူတို့ကို ပြန်ပြီးတော့ လွတ်လာမယ်လို့ ထင်ထားတာ ပေါ့လေ။ အဲအချိန်မှာမှ မနေ့က သူတို့ကို Video conference နဲ့ ရုံးထုတ်ပြီးတော့ ချက်ချင်းကြီးကို အမိန့်ချမှတ်လိုက်တဲ့ အပေါ်မှာ ဒါကတော့ လုံးဝကို မတရားဘူးလို့ ကျနော်တို့က မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ထိုဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆို ထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ် ချမှတ် ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း၊ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသား‌၄ ဦးအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အဆိုပါ ကျောင်းသားလေးဦးအား ယခုကဲ့သို့ မတရား ပြစ်ဒဏ်ပေးထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ANP Youth Wing ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြန်ကြားရေးတာဝန်ခံ ကိုဆန်းဌေးမောင်က “သူတို့က ပြည်သူဘက်က ရပ်တည်ပြီးတော့ ဆန္ဒထုတ်ဖော်တယ်။ အဲအပေါ်မှာ ကျနော်တို့အနေနဲ့က သူတို့တောင်းဆိုချက်တွေကို အစိုးရကနေပြီးတော့ လိုက်လျောပေးပြီးတော့ လုပ်ဆောင်ပေးရမယ့် အခြေအနေလို့ ကျနော်တို့မြင်မိတယ်” ဟု ဆိုသည်။

ထိုကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေး ကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ်ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်း ထွန်းတို့ ဖြစ်သည်။

၎င်းတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကလည်း ထိုသို့ပြစ်ဒဏ်ချမှတ် သည့်အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။