၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ကို တပ်မတော်မှ စက်တင်ဘာ ၁၆ ရက်က စတင်၍ ပြန်လည် ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။


မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)နှင့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)တို့ကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်က လုံခြုံရေးအကြောင်းပြကာ ပိတ်ထားခဲ့ပြီး ယခု စက်တင်ဘာ ၁၆ ရက် မှာတော့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။


ကျိုင်းတုံမြို့နယ်မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “ဖွင့်တော့ ဖွင့်လိုက်ပြီး အသုံးတော့ မတည့်သေးဘူး၊ ဟိုဘက်က ကိုဗစ်-၁၉ ကိစ္စကြောင့် လူအဝင်အထွက်ကိစ္စ၊ ကားအဝင် အထွက်ကိစ္စတွေ လက်မခံသေးဘူး၊ မိုင်းလားဘက်က အဲတာတွေကြည့် နေတာ၊ အခုကတော့ သွားတယ် လာတယ်မရှိသေးဘူး။ အခုမှစတာဆိုတော့ ဘာမှ အဆင်သင့်မဖြစ်သေးဘူး ”ဟု ပြော သည်။

ပုံ- တပ်မတော်က မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ပြန်ဖွင့်နေစဉ် (We Love Kyaington)

အဆိုပါ ဝမ်တာပင်းဂိတ် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းတို့ ပါဝင်သည့် အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က မိုင်းလားသို့ သွားရောက်၍ တာဝန် ရှိသူများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း တာချီလိတ်သတင်းအေဂျင်စီက ရေးသားထားသည်။


NDAA နှင့် နီးစပ်သူ တစ်ဦးက “ကိုဗစ်ကြောင့် ဂိတ်ပြန်ဖွင့်ရေး အသေးစိတ် မညှိနှိုင်းရသေးဘူးလို့သိရပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။


စက်တင်ဘာ ၁၆ ရက်နေ့က မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ကို တပ်မတော်က ပြန်လည် ဖွင့်လှစ်ခဲ့ သော်လည်း လက်ရှိတွင် ခရီးသွားလာမှု မရှိသေးသလို ကုန်စည် စီးဆင်းမှုများလည်း မပြုလုပ်နိုင်သေးကြောင်း ဒေသခံ များက ပြောသည်။


တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ် အားလုံးကို ပိတ်ထားရာ မိုင်းလားနှင့် တရုတ်(ဆစ်ဆောင်းပနားမြို့နယ်စပ်)ဂိတ်များလည်း ပိတ်ထားခြင်းကြောင့် ယခု မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ကနေ ကုန်သွယ် စီးဆင်းမှု မလုပ်နိုင်သေးဘဲ ဖြစ်နေကြောင်း သိရ သည်။

ပုံ- တပ်မတော်က မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်ပြန်ဖွင့်နေစဉ် (We Love Kyaington)

တခြား တစ်ဖက်မှာလည်း တပ်မတော်က ဝမ်တာပင်းဂိတ်ကို ဖွင့်လှစ်လိုက်သည့်တိုင် NDAA ဘက်က ကိုဗစ်-၁၉ ထိန်း ချုပ်နိုင်ရေး ဆောင်ရွက်နေခြင်းကြောင့် ၎င်းတို့ ထိန်းချုပ် နယ်မြေဖြစ်သည့် မိုင်းလားဒေသသို့ ခရီးသွားလား ခြင်းနှင့် ကားအဝင်အထွက်များကို လက်မခံသေးကြောင်း သိရသည်။


ကျိုင်းတုံမြို့နယ်မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “ခရီးသွားဆိုတာကလည်း ယိုးဒယားနယ်စပ်လည်း ပိတ်ထား တယ်၊ ဘယ်ခရီးသွားမှ မသွားသေးဘူး၊ ဒီမှာ လည်း ကိုဗစ် အကန့် အသတ်တွေရှိသေးတယ်။ မိုင်းလားကလည်း အဝင် အထွက် အကန့်အသတ်တွေ ရှိသေးတယ်။ အဲလိုတော့ ကြားတယ် အခုမှ သူတို့ကြိုးစားတုန်းရှိသေး တယ်။ အရင်တုန်းကတော့ ကျနော်တို့က ခရီးသွားကြ တယ်၊ သွားလည်တယ်၊ လည်လည်း လည်သင့်တဲ့ နေရာ ဖြစ်ပါတယ်။ အခုကတော့ ဘာမှ သွားလို့ မရသေးဘူး” ဟု ပြောသည်။


မိုင်းလား-ကျိုင်းတုံကားလမ်း ဝမ်တာပင်းဂိတ်သည် စီးပွားရေး အပါအဝင် ခရီးသွားလာရေးနှင့် ကုန်သွယ် စီးဆင်းရေး အတွက် အရေးပါ အရာရောက်သည့် ဂိတ်တစ်ခုဖြစ်သည်။ ထို့ပြင် လုံခြုံရေးအရလည်း အရေးပါ အရာရောက်သည့် ဂိတ် တစ်ခုဖြစ်ကြောင်း သိရသည်။