၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ပါတီရန်ပုံငွေ စာရင်းများ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ၊ မှတ်တမ်း များအား လာရောက် စစ်ဆေးမှုခံယူရန် အကြောင်းကြားခဲ့ရာ နိုင်ငံရေးပါတီများက စစ်ဆေးခံရန် အဆင်သင့် ရှိနေကြောင်း ဆိုကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က UEC ၏ စစ်ဆေးပုံအရ အခက်အခဲများ ရှိနေနိုင် ပြီး မည်သည့် နိုင်ငံရေးပါတီမှ ၎င်းတို့ လိုချင်သည့်ပုံစံ မရနိုင်ကြောင်း ဆိုသည်။

SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ကျနော်တို့ကတော့ ပုံမှန်ပဲ ရှိပြီးသားပဲလေ။ သူလာရင်လည်း ရုံးကို လာလိမ့်မယ်ထင် တယ်။ လာရင်လည်း စစ်ခံလိုက်တာပေါ့။ ကျနော်တို့ကတော့ သွားပြီးတော့ အစစ်ခံမယ့် သဘောတော့ မရှိဘူး။ သူတို့ ရုံးကို လာချင်လည်း လာလိုက်ပေါ့။ တချို့ပါတီကတော့ ခေါ်လည်း မသွားဘူး။ အစစ်လည်း မခံဘူး။ ရုံးတံခါးပိတ်ထားမယ့် သဘောတော့ရှိတယ်။ ဒါပေမယ့် အဲတာလည်း ဘာလို့ ကြာနေလဲ မသိဘူး။ သူတို့ စစ်ပုံအရဆိုရင် ခက်တယ်။ တအားခက် တယ်။ ဘယ်နိုင်ငံရေးပါတီမှ သူတို့ လိုချင်တဲ့ ပုံစံမျိုးတော့ မရှိနိုင်ဘူး။ ကြံ့ခိုင်ရေးလိုမျိုး၊ အသင်းဘဝကနေပြီးတော့ အသင်းကနေ နိုင်ငံရေးပါတီကို ပြောင်းလဲလိုက်တဲ့ လူတွေတောင်မှ သိပ်မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီဝင်စာရင်းများမှာ ပါတီကြီးရင် ကြီးသကဲ့သို့ အပြောင်းအလဲများရှိနေပြီး နှုတ်ထွက်မှု၊ ကွယ်လွန်ခြင်းများ၊ အသစ်ဝင်လာမှုများ၊ ပြောင်းရွှေ့မှုများ ရှိ နေခြင်းကြောင့် လက်ရှိအခြေအနေအတိုင်း လုပ်ဆောင်ဖို့ မလွယ်ကူကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ နိုင်ငံရေးပါတီ များ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန် ထားသည်။

ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက မိမိတို့ ပါတီမှာ ယခင်ကတည်းက ငွေကြေး အထုပ်အထည်နှင့် လုပ်တာမျိုး မဟုတ်သည့်အတွက် ပြင်စရာ အများကြီး မရှိကြောင်း ဆို သည်။

ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော်တို့က တကယ်လည်း အများကြီး ပြင်စရာမရှိဘူး။ ဘာကြောင့် လဲ ဆိုတော့ နဂိုကတည်းက ငွေကြေး အထုပ်အထည်နဲ့ လုပ်တာမျိုး မဟုတ်တော့၊ ကျနော်တို့မှာ ပြောရရင်လည်း စည်းရုံးရေးဆိုလည်း စည်းရုံးရေးတစ်ခေါက်စာ ကမန်းကတန်းရှာ ကိုယ့်အချင်းချင်း ထည့်ကြပါဦး၊ လုပ်ကြပါဦးနဲ့ သွားနေတာဆိုတော့ တကယ့် တကယ် ကြီးကြီးကျယ်ကျယ်ကို ငွေကြေးက ရှင်းစရာမရှိဘူး။ ကျနော်တို့မှာ သို့သော်လည်းပဲ သုံးစွဲထားသလောက် ရသ လောက်ကိုတော့ ကျနော်တို့ စာရင်းဇယား ပြုစုထားတာရှိပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများသည် ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု များကို စစ်ဆေးခံရေး ပြင်ဆင်ထားရန် UEC က အကြောင်းကြားထားသည်။

ရခိုင်အမျိုးသားပါတီ(ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က လိုအပ်သည့် စာရင်းဇယား များကို ပြင်ဆင်ထားပြီး လာရောက် စစ်ဆေးပါက ရှင်း လင်းသွားနိုင်မည့် အခြေအနေရှိကြောင်း ဆိုသည်။

ဦးထွန်းအောင်ကျော်က “ကျ‌နော်တို့ ပါတီကတော့ တရားဥပဒေနဲ့ အညီ နိုင်ငံရေးမှတ်ပုံတင် ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် ငွေရေးကြေးရေးလည်း ဥပဒေနဲ့ ပြဌာန်းထားတဲ့ ကိစ္စတွေကို စစ်ဆေးဖို့ ပြောတာကိုတော့ ကျနော်တို့ အနေနဲ့ လက်ခံတယ်။ အဲတာကြောင့် လိုအပ်တဲ့ စာရင်းဇယားတွေ၊ အချက်အလက်တွေ အားလုံး ကျနော်တို့မှာ ပြင်ဆင်ထားတာ ရှိပါတယ်။ နောက်တစ်ခုကလည်း ပါတီဝင်စာရင်းတွေ ပြုစုထားတာ ရှိတဲ့အတွက် စစ်ဆေးလာရင်လည်း ကျနော်တို့အနေနဲ့ ရှင်းလင်းသွားနိုင်မယ့် အခြေအနေရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် UEC က အမျိုးသားညီညွတ်သော ဒီမိုကရစ်တစ်ပါတီ (NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(NDP) တို့ကို သြဂုတ် ၂၃ ရက်က လည်းကောင်း၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်ထောင်စု ကောင်း ကျိုးဆောင်ပါတီ (UBP) တို့ကို သြဂုတ် ၃၁ ရက်က လည်းကောင်း စစ်ဆေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိရာ တခြားသော ပါတီများကိုလည်း ဆက်လက် စစ်ဆေးသွား ရန် UEC က ပြင်ဆင်လျက်ရှိသည်။