မိုဂါဒစ်ရှူး၊ စက်တင်ဘာ ၁၇

တိုင်းပြည်အကျပ်အတည်းကျရောက်စေမည့် မတည်ငြိမ်မှုနှင့်ရန်လိုမှုများကို ထိန်းနိုင်ရန်အတွက် ဝန်ကြီးချုပ် မိုဟာမက်ဟူစိန်ရိုဘယ်ကို ရာထူးခန့်အပ်ထားခြင်းအား ဆိုမာလီယာသမ္မတ မိုဟာမက် အဗ္ဗဒူလာဟီမို ဟာမက်က ရပ်ဆိုင်းလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ခေါင်းဆောင်နှစ်ဦးအကြား အငြင်းပွား၍ လပေါင်းများစွာ တင်းမာနေခဲ့ကြသဖြင့် ခိုင်မာပြီးသားဖြစ်သည့် ရွေးကောက်ပွဲဖြစ်စဉ်ကို ပိုမိုအန္တရာယ်ပြု ခြိမ်းခြောက်
လာစေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းက ဆိုသည်။

“ဝန်ကြီးချုပ်က အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်တဲ့အတွက် သူ့ရဲ့အုပ်ချုပ်မှု အာဏာကို ရုတ်သိမ်းလိုက်ပါပြီ။ အထူးသဖြင့် ရွေးကောက်ပွဲမပြီးမချင်း တည်ရှိနေမယ့် ရာထူးခန့်အပ်မှုနှင့် လုပ်ပိုင်ခွင့်အာဏာတွေကို ရပ်ဆိုင်းလိုက်ပါတယ်” ဟု သမ္မတရုံးပြောခွင့်ရသူ ဖာမားဂျို(Farmaajo)က ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

ယင်းသို့ သမ္မတ၏ဆုံးဖြတ်ချက်ကို ယခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲပြီးဆုံးချိန်အထိ ဆိုင်းငံ့ထားလိမ့်ဦးမည်ဟု ဖာမားဂျိုက ထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟူစိန်ရိုဘယ်သည် သမ္မတရုံးအရာရှိ ဖာမားဂျိုနှင့် တိုင်ပင်နှီးနှောခြင်း(သို့မဟုတ်)ပူးပေါင်း ဆောင်ရွက်ခြင်းမရှိကြောင်းနှင့် နိုင်ငံ၏တည်ဆဲဥပဒေများအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သမ္မတရုံးကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟူစိန်ရိုဘယ်ကလည်း “ မိမိအနေဖြင့် သမ္မတအမိန့်ကို လိုက်နာလိမ့်မည်မဟုတ်ကြောင်းနှင့် ဝန်ကြီးချုပ်ရုံး၏အခွင့်အာဏာကို ဝင်ရောက်စွက်ဖက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုရာဆွဲလျက် လိမ်လည်ခဲ့ကြောင်း” တုံ့ပြန်စွပ်စွဲခဲ့သည်။

သမ္မတရုံးအရာရှိ ဖာမားဂျို၏ လေးနှစ်တာလုပ်ပိုင်ခွင့်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက သက်တမ်း ကုန်ခဲ့သော်လည်း လွှတ်တော်က ဧပြီလတွင် သက်တမ်းထပ်တိုးပေးခဲ့သဖြင့် မိုဂါဒစ်ရှူးမြို့တော်တွင် လူအသေအပျောက်ရှိခဲ့သော အသေခံဗုံးခွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းက ဆက်လက်ဖော်ပြသည်။

ဟူစိန်ရိုဘယ်သည် မဲရုံအချိန်ဇယားသစ်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သော်လည်း လုပ်ငန်းစဉ်မှာ နောက်ကျသွားခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ရွေးကောက်ပွဲနှင့်လုံခြုံရေးလုပ်ပိုင်ခွင့်မှ ပြန်လည်ရယူရန် ကြိုးစားခဲ့ကြောင်း ဖာမားဂျိုကို ဟူစိန်ရိုဘယ်က စွပ်စွဲခဲ့သည်။

ဆိုမာလီယာနိုင်ငံတွင် ရွေးကောက်ပွဲများကို ရှုပ်ထွေး၍ သွယ်ဝိုက်သည့်နည်းလမ်းဖြင့် ကျင့်သုံးပြီး ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် မျိုးနွယ်စုကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်အတွက် အမတ်များကို ရွေးချယ်ပေးရပြီး ထိုမှတစ်ဆင့် သမ္မတကို ဆက်လက်ရွေးချယ်ရသည်။