ဘန်ကောက်၊ စက်တင်ဘာ ၁၆

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် အစိုးရဆန့်ကျင်သောလူစုလူဝေးဖြစ်ပေါ်မှု အဆုံးသတ်လိုလျှင် ဆန္ဒပြလူငယ်များနှင့် စကားပြောဆိုရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက အကြံပြု ပြောကြားခဲ့သည်။

အကြမ်းဖက်မှုဖြင့် ထိုင်းနိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ဆန္ဒပြလူငယ်များနှင့် စကားပြော ခြင်းကသာ အဖြေတစ်ခု ရမည်ဖြစ်ကြောင်း သက်ဆင်က ဆိုသည်။

“အကြမ်းဖက် လက်ရှိအခြေအနေတိုးတက်ကောင်းမွန်အောင် အထောက်အကူပြုမှာမဟုတ်ဘူး” ဟု Care အွန်လိုင်းနိုင်ငံရေးဖိုရမ်တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သက်ဆင်သည် ၎င်းကိုထောက်ခံသူများဖြင့် စုစည်းထားသော အွန်လိုင်းနိုင်ငံရေးစကားဝိုင်းများတွင် ပုံမှန် ဝင်ပြောလေ့ရှိပြီး သူ့ကိုယ်သူ တိုနီဝုဆန် (Tony Woodsome) ဟု အမည်ပေးထားသည်။

“ဗိုလ်ချုပ်ကြီး ပရာယွတ်က လူငယ်စိတ်ကူးစိတ်သန်းတွေအတွက် လမ်းဖွင့်ပေးသင့်ပြီးတော့ အခု ဖြစ်ပေါ် နေတာတွေအတွက် အဖြေတစ်ခုကို သူလုပ်နိုင်တာ၊ မလုပ်နိုင်တာ လူငယ်တွေကို ပြောပြသင့်တယ်” ဟု သက်ဆင်က တိုက်တွန်းထားသည်။

ထိုင်းလက်ရှိအစိုးရကို ဆန့်ကျင်သည့် အင်အားစုများစွာရှိရာ ၎င်းတို့တွင် သမ်မာဆတ်ညီညွတ်ရေးတပ်ဦး၊ သာလုဖာ့၊ သာလုဂက်နှင့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီပေါင်းစည်းတပ်ဦးတို့ ပါဝင်သည်။ ၎င်းတို့ တောင်းဆိုချက်များမှာ ဗိုလ်ချုပ်ကြီး ပရာယွတ် နုတ်ထွက်ရေးဖြစ်သည်။

သာလုဂက်ထောက်ခံသူများသည် ညနေတိုင်း ဘန်ကောက်မြို့၊ ဒင်ဒအင်းခရိုင်တွင် စုဝေးလေ့ရှိပြီး အနီးအနားရှိ အမှတ် ၁ ခြေလျင်တပ်ရင်းဝင်းအတွင်း ဝန်ကြီးချုပ်နေအိမ်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသည့်အခါ အဓိကရုဏ်း နှိမ်နင်ရေးရဲများနှင့်ထိတွေ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများကို မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် ရောင်စုံရေများ ပက်ဖျန်းနှိမ်နင်း၍ အခြေအနေ ပိုဆိုး လာကာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု သက်ဆင်က ဝေဖန်သည်။

“အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ထိုင်းဘုရင့်ရဲတပ်ဖွဲ့ရဲ့ပုံရိပ်ကို ဖျက်ဆီးနေတယ်” ဟု ၎င်းက အပြစ်တင်သည်။

သက်ဆင်၏ရှပ်နီထောက်ခံသူများက ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် စစ်တပ်အာဏာသိမ်းမှု ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် စက်တင်ဘာ ၁၂ ရက်တွင် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ဆန့်ကျင်သော ကြီးမားသည့် လူစုလူဝေးဖန်တီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။