ဆိုးလ်၊စက်တင်ဘာ ၁၆

တောင်ကိုရီးယားသည် စက်တင်ဘာ ၁၅ ရက်က ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် (SLBM) ပစ်လွှတ်ခြင်းကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး မြောက်ကိုရီးယား၏တိုးတက်လာသော စွမ်းရည်ကို တန်ပြန်သည့်အနေဖြင့် အဆိုပါစနစ်ကို တီထွင်သော ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း Channel News Asia သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

တန်ချိန် ၃၀၀၀ ရှိ ဒိုဆန်အန်းချန်ဟို (Dosan Ahn Chang-ho) ရေငုပ်သင်္ဘောမှနေ၍ ရေအောက်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ခြင်းအစီအစဉ်သို့ သမ္မတ မွန်းဂျေအင်း တက်ရောက်အားပေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ယခုစမ်းသပ်မှုအရ တောင်ကိုရီးယားသည် နျူကလီးယားလက်နက်မပါဘဲ ဒုံးကျည်ပစ်လွှတ်နိုင်သော ပထမဆုံး နိုင်ငံဖြစ်လာမည်ဆိုကြောင်း၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ မြောက်ကိုရီးယားနှင့် အိန္ဒိယတို့သည် ပဲ့ထိန်းဒုံးကျည် (SLBM) များကို စမ်းသပ်တီထွင်ခဲ့ရာတွင်
နျူးကလီးယားလက်နက် သယ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ်လုပ်လေ့ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ကိုယ်ပိုင် ပဲ့ထိန်းဒုံးကျည်ကို ဆက်တိုက်ထုတ်ပြခဲ့ပြီး ထိုလက်နက်များကို ဖြန့်ကျက်ဝိုင်းရံနိုင်ရန် စစ်ဆင်ရေးရေငုပ်သင်္ဘောတစ်စင်းကို မိမိတို့ တည်ဆောက်နေကြောင်း တောင်ကိုရီးယားအရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။

“ပဲ့ထိန်းဒုံးကျည်တစ်လုံး ပိုင်ဆိုင်ခြင်းဟာ ခြိမ်းခြောက်မှုဦးတည်လာတာကို ကာကွယ်ဖို့ အဓိပ္ပါယ်ဆောင်တဲ့ အတွက် ကျနော်တို့အနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက် ရာမှာ အဓိကအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သမ္မတမွန်း၏ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါရေအောက်ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံး၏အသေးစိတ်အချက်အလက်များကို တောင်ကိုရီးယား အစိုးရ ဘက်မှ ထုတ်ဖော်မပြောသော်လည်း ယွန်ဟက်သတင်းအေဂျင်စီ ၏အဆိုအရ ဟွန်းမော-တူးဘီ(Huynmoo-2B) ဟုအမည်ပေးထားသော အဆိုပါလက်နက်သည် ကီလိုမီတာ ၅၀၀ အထိ ပစ်လွှတ်နိုင်စွမ်းရှိကြောင်း သိရသည်။