၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်တွင် တပ်မတော်မှ လူအခွင့်ရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကျောင်းသား ၄ ဦးအား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်အပြင် ဘေးစီမံ အရ ၆ လ အပြီးသတ် အမိန့်ချလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေ သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က CNI သတင်းဌာနသို့ ပြောသည်။
ယနေ့ (စက်တင်ဘာလ ၁၆ ရက်) ရုံးချိန်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသား ၄ ဉီးအား နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ တို့ဖြင့် အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “အဲဒီကလေးတွေကို ဒီနေ့ ၅၀၅(ခ)နဲ့ တရားရုံးကနေပြီး Video conferencing ကနေပြီး အမှုကို ကြားနာတယ်။ ကြားနာတဲ့အခါမှာ ဒီနေ့က စွဲချက်အမိန့်ချရမယ့်နေ့ပါ။ အဲနေ့မှာ တရားသူကြီးက တရားခံ တွေကို မေးတယ်။ ၅၀၅(ခ) နဲ့ ပတ်သက်ပြီးတော့ စွဲချက်တင်တယ်။ မင်းတို့ အပြစ်ရှိလားလို့ မေးတယ်။ အဲတော့ သူတို့က အပြစ်ရှိတယ်လို့ ဝန်ခံတယ်။ ဝန်ခံတဲ့အတွက်ကြောင့် တရားသူကြီးက ချက်ချင်းပဲ သူတို့ကို ၅၀၅(ခ) အရ ပြစ်ဒဏ်အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချတယ်။ နောက်တစ်ခုက ဘေးစီမံ ၂၉ နဲ့ စွဲချက်တင်တယ်။ အပြစ်ရှိလားမေးတယ်။ ကလေးတွေက အပြစ် ရှိတယ်လို့ပြောတယ်။ အဲတော့ ဘေးစီမံနဲ့ကျတော့ ၆ လချတယ်” ဟု ဆိုသည်။
အဆိုပါ ကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲ ဆို ခဲ့သလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “ကျနော့် အမြင်ကတော့ ၂ နှစ်ဆိုတာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်နေတာပေါ့။ အဲအတွက်ကြောင့် ကျနော်က ပြစ်ဒဏ်ပိုင်းဆိုင်ရာ များတယ်လို့ ယူဆပြီးတော့ ကလေးတွေကလည်း အယူခံတက်မယ်။ ကျနော်ကလည်း အယူခံတက်ဖို့ သဘောရှိတဲ့အတွက်ကြောင့် ဒီနေ့ပဲ အဲဒီ စီရင်ချက်ကို မိတ္တူကူးထားပါတယ်” ဟု ပြော သည်။
လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ ဖြင့် တရား ရင်ဆိုင်နေရသည့် ကျောင်းသားလေးဦးသည် အကျဉ်း ထောင်တွင် နေရသည်မှာ တစ်နှစ်နီးပါးထိ ကြာမြင့်နေပြီ ဖြစ်သည်။
အဆိုပါကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက် ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။