CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်လိုပါက အမျိုးသားရင်ကြားစေ့ရေး လိုအပ်သလို၊ အချင်းချင်း အာဃာတ တရား ကင်းရန် လိုအပ်ကြောင်း ရခိုင်နိုင်ရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့ အနေဖြင့် ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံး ဖွင့်ထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဦးဖေသန်းက “ဘက်ပေါင်းစုံက ဖွင့်ပေးထားတယ်ဆိုရင် ပထမဆုံး လုပ်ရမှာက ဒီနိုင်ငံကို တည်ဆောက်ချင်တယ် ဆိုရင် အမျိုးသားရင်ကြားစေ့ရေးပေါ့နော်၊ အကုန်လုံး ညီညွတ်ဖို့၊ အကုန်လုံး နိုင်ငံရေးအပေါ်မှာ ယုံကြည်ဖို့၊ အယုံ အကြည် ရှိဖို့ပေါ့၊ အချင်းချင်းလည်းပဲ အာဃာတတရားကင်းဖို့ အဲဒီလိုကိစ္စက ယုံကြည်မှုကို တည်ဆောက်ဖို့ ကိစ္စ က ပထမဆုံးလိုတဲ့ ကိစ္စပေါ့၊ ဖွင့်ပေးထားတယ်၊ ဖွင့်ပေးထားတယ်ဆိုပြီး‌တော့ သူတို့ ဘောင်ထဲပေါ့၊ ထောင်ချောက် ထဲကို ဝင်လာ‌အောင် ဖွင့်ပေးထားတာလားပေါ့၊ အကုန်လုံးပေါ့၊ စစ်အစိုးရကို ထောက်ခံလာအောင်၊ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လာအောင် သူတို့နိုင်ငံရေး အကျပ်အတည်းက ထွက်ပေါက်ရအောင် ဒီဖက်ကို သက်သက် မျှား ခေါ်နေတာလားပေါ့၊ အဲဒါကြောင့် စေတနာပေါ်မှာ အများကြီး မူတည်တယ်၊ ဒီတော့ ဒီနေ့ ဖြစ်နေတဲ့ ကိစ္စအားလုံး ဟာ ဒီမိုကရေစီအစိုးရကို အာဏာသိမ်းပြီး‌တော့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ ကိစ္စလေ ဒါတွေကို အစက ပြန် ကောက်ပြီးတော့နော် ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ပြန်ပြီးပြုပြင်ဖို့ လိုတယ်ပေါ့” ဟု ပြောသည်။

၁၀+၁၀ ထိပ်သီး ခေါင်းဆောင် ဆွေးနွေးပွဲကိုတွေ့ရစဉ်

မြန်မာ့တပ်မတော်၏ အာဏာရယူမှု အကျိုးဆက်ကြောင့် လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာ ရေး စသည့် အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း၊ ဖမ်းဆီးထားသည့် နိုင်ငံရေးခေါင်းဆောင်များကို ပြန်လွှတ် ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

စကားလုံးအရ ပြောဆိုနေပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက အဓိပ္ပာယ်မရှိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုပ်နိုင်တဲ့ဟာတွေ ဘယ်သူမဆိုလေ ဗမာပြည်မှာတော့ လုပ်နိုင်တဲ့ တာဝန်ရှိတဲ့ လူတွေ လုပ်လို့ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်၊ ဒါတွေ လုပ်မယ်ဆိုရင်တော့ ဘယ်သူမဆို လုပ်တာက‌တော့ နိုင်ငံအတွက် လုပ်နိုင် ရင်တော့ ပိုကောင်းတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒေါ်အောင်ဆန်းစုကြည်အချိန်မှာ သူလုပ်နိုင်တဲ့ဟာ တွေ လုပ်ခဲ့ သလောက်လည်း လုပ်ခဲ့တယ်၊ လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တာတွေလည်း ရှိတယ်၊ ဦးသိန်းစိန်လည်း ထိုနည်းလည်း ကောင်းပဲ၊ အခုလည်း အဝေးရောက်အစိုးရ NUG တွေ ဒီအတိုင်းပဲပေါ့၊ ဒါပြီးမှ ဦးမင်းအောင်လှိုင်က လည်း သူပြောတဲ့ဟာတွေ တိတိကျကျ ဘာလုပ်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာ တိကျတဲ့ ပစ်မှတ်ထားပြီးတော့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ဒါမဟုတ်ဘူးဆိုရင် စကားထဲမှာပဲ ရှိတယ်လေ၊ ဒါမျိုးတွေဆိုတော့ ကျနော် ထင်တာကတော့ စကားပဲဖြစ်ပြီးမှ လက်တွေ့ မရှိဘူးဆိုရင်တော့ အဓိပ္ပာယ် ဘယ်လောက်အထိ သူပြောတဲ့ဟာနဲ့ အကျိုးသက်ရောက်ပါ့မလား ဆိုတဲ့ဟာ မေးခွန်းမေးစရာတော့ ရှိတာပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်များမှာ အဖက်ဖက်က ယိုယွင်း ပျက်စီးနေပြီး တိုင်းပြည်ပြန်လည် တည်ဆောက်နိုင်ရေး ကြိုးပမ်းနေကြရသည်။