CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင် စိုးမြ အပါအဝင် အမှတ်(၁၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့ကို ရက္ခိုင့် တပ်တော်(ULA/AA)က လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားခဲ့သည်ကို အပြင်းအထန် ရှုတ်ချကြောင်း ALP က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီကျော်က စစ်တွေမြို့၌ ကားဖြင့် သွားနေစဉ် ULA/AA မှ လုပ်ကြံခဲ့ခြင်းကြောင့် စီးလာသော ကားပေါ်တွင်ပင် သေနတ်ဒဏ်ရာများစွာဖြင့် ကွယ်လွန်ခဲ့သည်ဟု ALP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗိုလ်ချုပ်ခိုင်စိုးမြ သတ်ဖြတ်ခံရမှု ALP ထုတ်ပြန်ချက်ကိုတွေ့ရစဉ် 

ALP က “ ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူး နှစ်ဦးအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး ထိခိုက်ပျက်စီးစေသည်သာမက ရခိုင် ပြည်သူများကိုပါ တုန်လှုပ်ချောက်ချားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

ထို့နောက် ULA/AA က မိမိတို့ ပါတီ/တပ်မတော်မှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့်တပ်ဖွဲ့ဝင်များအား ဖမ်းဆီး နှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်သာမ ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကိုပါ မချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံ သတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ALP က ပြောသည်။

AA က ဗိုလ်ချုပ် ခိုင်စိုးမြနှင့် သုံးဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး တစ်စုံတစ် ရာ ထုတ်ပြန် ရှင်းလင်းထားခြင်း မရှိသေးသလို AA သတင်းနှင့်ပြန်ကြားရေးဌာနသို့ ဆက်သွယ် မေးမြန်းရာမှာ လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။