CNI International news

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ - ၅

မိမိတို့ကို စစ်ကြေညာခဲ့သည့်အတွက် အစိုးရအဖွဲ့အတွင်းရှိနေသော နိုင်ငံရေးပါတီများ၏ ထိပ်သီး ခေါင်းဆောင် များအပေါ် ပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)က သတိပေးခဲ့ ကြောင်း အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

TTP အဖွဲ့မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဝန်ကြီးချုပ် ရှာဘတ် ရှရစ် (Shehbaz Sharif) နှင့် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်လ် ဘူတိုဇာဒါရီ (Bilawal Bhutto Zardari) တို့၏ နာမည်များလည်း ပါဝင်နေသည်။

ရှရစ်သည် PML-N ပါတီ၏ ဥက္ကဋ္ဌဖြစ်ကာ ဘူတိုဇာဒါရီ၏ PPP ပါတီသည် ပါကစ္စတန် အစိုးရတွင် အဓိက ပါတနာ များ ဖြစ်သည်။ TTP အနေဖြင့် ယခင်က နိုင်ငံရေးပါတီများကို ပစ်မှတ်ထားခြင်းမျိုး မလုပ်ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က အယ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်တာလီဘန်အဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် PML-N နှင့် PPP ပါတီနှစ်ခု အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်အတိုင်း ဆက်သွားနေမည်ဆိုလျှင် ၎င်းတို့၏ ပါတီများမှ ခေါင်းဆောင်များအပေါ် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာနေခြင်းကို ရှောင်ကျဉ်ရမည်ဖြစ်ကြောင်းလည်း ပါကစ္စတန်တာလီဘန်(TTP)အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

TTP ၏ ပစ်မှတ်များသည် နိုင်ငံ၏အကျိုးစီးပွားကို လျစ်လျူရှုကာ အနောက်အုပ်စု အလိုကျ လုပ်ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသာ ဖြစ်ကြောင်းနှင့် နိုင်ငံတွင်းရှိ ဘာသာရေးကို အခြေခံသော ပါတီများ အနေဖြင့်လည်း TTP အား ဆန့်ကျင်မှုများကို ရှောင်ရှားစေလိုသည်ဟု ၎င်းက ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး လုံခြုံရေးအဖွဲ့ အမျိုးသားလုံခြုံရေးကော်မတီ(NSC)ကတော့ အကြမ်းဖက်မှုကို လုံးဝ သည်းခံမည် မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုကို ဖြစ်စေသည့် အရာများကိုလည်း လက်သင့်ခံမည် မဟုတ် ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ပါကစ္စတန်တာလီဘန်၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

NSC တွင် ရှရစ်နှင့် ပါကစ္စတန် စစ်ဦးစီးချုပ်သစ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး ပါကစ္စတန်မှ လုံခြုံရေး အခြေအနေ များအတွက် နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တင်းကြပ်သော အစ္စလာမ္မစ် ဥပဒေများကို ပြဋ္ဌာန်းရန်၊ အနောက်မြောက် ခါဘာ ပတ်တန်ခွာ (Khyber Pakhtun khwa) ပြည်နယ်ကို ပါကစ္စတန်လူမျိုးစု ဧရိယာများနှင့် ပေါင်းစည်းခြင်းကို ပြန်ရုပ်သိမ်းရန် တိုက်ခိုက် နေရခြင်း ဖြစ်သည်ဟု TTP ဘက်က ပြောသည်။

TTP အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အာဖဂန်တာလီဘန်အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးထားသော အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို တစ်ဖက်သတ် ဖျက်သိမ်းကာ တိုက်ခိုက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်များကို အမိန့်ထုတ်ပြန်ခဲ့သည်။

TTP ခေါင်းဆောင်ပိုင်းသည် အာဖဂန်မြေပေါ်တွင် ရှိနေသည်ဟု ပါကစ္စတန်ဘက်က စွပ်စွဲထားသော်လည်း အာဖဂန်အစိုးရကတော့ ငြင်းဆိုထားသည်။

Source: အယ်ဂျာဇီးယား