ဂူဝါဟာတီ၊ ဇန်နဝါရီ - ၃

အာဆွန် ညီညွတ်သောလွတ်လပ်ရေးတပ်ဦး(ULFA-I) ခေါင်းဆောင် ပါရတ်ရှ် ဘာယူ (Paresh Baruah) ၏  နယ်မြေတောင်းဆိုထားမှုကို မရုပ်သိမ်းမချင်း ULFA-I နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ရန်မဖြစ်နိုင်ဟု အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ရှ်ဝါ ဆာမာ (Himanta Biswa Sarma)က ပြောကြားခဲ့သည်ဟု NorthEast Now သတင်းတွင် ဖော်ပြထားသည်။

ULFA-I နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်းက အဓိကပြဿနာ မဟုတ်ကြောင်း၊ ထိုအဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ခေါ်ဆောင်ခြင်းက အခက်ခဲဆုံး အပိုင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပါရတ်ရှ် ဘာယူဘက်မှ နယ်မြေတောင်းဆိုနေခြင်းကို မရပ်သရွေ့ ULFA-I နှင့် ဆွေးနွေးပွဲများ ဖြစ်လာနိုင်ဖွယ် မရှိ ကြောင်း၊ ထိုကိစ္စက ပြဿနာများ၏ အခြေခံ အကြောင်းအရင်း ဖြစ်ကြောင်းလည်း အာသံဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုသည်။

အာသံပြည်နယ်အတွင်း လူမျိုးစုများကိုတွေ့ရစဉ် (GETTY IMAGES)

ULFA-I နှင့် ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို ဖွင့်ပေးထားကြောင်း၊ အာသံအစိုးရ အနေဖြင့် ထိုကိစ္စ အတွက် ကြိုးစားနေကြောင်းနှင့် အာသံပြည်သူများသည် ကာလရှည် ULFA ပုန်ကန်မှုပြဿနာကို ဖြေရှင်းရန် အဓိကနေရာတွင် ပါဝင်နေကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ULFA-I အကြီးအကဲ ပါရတ်ရှ်ဘာယူသည် နယ်မြေတောင်းဆိုမှုများကို ထပ်ခါထပ်ခါ ပြောဆိုလျက်ရှိကာ ULFA-I ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အစပျိုးရန် နယ်မြေကိစ္စကို အစီအစဉ်ထဲတွင် မဖြစ်မနေ ထည့်သွင်းရမည်ဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။

Source: NorthEast Now