CNI News

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉

ချစ်သုဝေ၊ အေးဝတ်ရည်သောင်းနှင့် သက်မွန်မြင့်တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)မှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားခြင်းကို ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီ MRTV မှ ထုတ်ပြန် ကြေညာသွားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ CDM လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများနှင့် Facebook လူမှုကွန်ရက်မှတဆင့် လှုံဆော်ရေးသားမှုများကြောင့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင်များ အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်တရားစွဲဆိုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဤအနုပညာရှင်များအနက် အောက်ဖော်ပြပါ အနုပညာရှင် ၂၄ ဦး တို့သည် ပြင်ပ ပယောဂ တစ်စုံတစ်ရာ ကြောင့် အဆိုပါလှုပ်ရှားမှုများအား လုပ် ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းမှ ရုပ်သိမ်းပေးလိုက်ကြောင်း MRTV မှာ ကြေညာခဲ့သည်။ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားခံရပြီး အမှုရုပ်သိမ်းပေးခံရသည့် အနုပညာရှင် များမှာ ချစ်သုဝေ၊ သက်မွန်မြင့်၊ အေးဝတ် ရည်သောင်း၊ ဝါဆိုမိုဦး၊ ကျော်ကျော် နန္ဒ၊ ဟန်နေတာ၊ G Fatt(ခ)မြတ်သူ၊ Kelvin Kate(ခ)အောင်သူလွင်၊ မယ်ရီ၊ နော်ဖော အယ်ထား၊ ခါရာ၊ စူးရှနိုင်၊ J Fire(ခ)အောင်ကိုငြိမ်း၊ သီဟထွန်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက်(ခ)ဥက္ကာထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်း တို့ဖြစ်သည်။ အထက်ပါ အမှုမှ ရုပ်သိမ်းပေးခဲ့သည့် အနုပညာရှင်များအနေဖြင့် အလားတူ ကျူးလွန်ချိုးဖောက်မှုများအား ထပ်မံ၍ လုပ် ဆောင်မည်ဆိုပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက် အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန္ဒပြမှု ဖြစ်စဉ်များ နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ တရားခံများနှင့် တရားရုံး၌ စစ်ဆေးဆဲ တရားခံများအနက် ပထမဦးစား ပေးအဖြစ် ပြန်လည် စေလွှတ်ပေးသင့်သူများ ကိုလည်း အမှုမှရုပ်သိမ်း ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်ဟု ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက MRTV ၏ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားရာမှာ အမှုရုပ်သိမ်းခံရသော အနုပညာရှင် ၂၄ ဦး သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာမှာ ပါဝင် ဆန္ဒပြခဲ့ကြ သူများ ဖြစ်သည်။