အဆိုပါ စာထဲတွင် PPST သို့ လိပ်မူ၍ PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခြင်းမှ ရပ်နားလိုကြောင်း ပန်ကြားခြင်းဆိုကာ ဖော်ပြထားသည်။ ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး (၀၃/၂၀၁၉) ၏ အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်(၂)အရ မိမိသည် PPST ၏ အဖွဲ့ ခေါင်း ဆောင် တာဝန်များကို ၂၀၁၉ ခုနှစ်၊မတ်လ ၁၉ ရက်နေ့မှ စတင် ၍ ယာယီ တာဝန်ယူထမ်းဆောင်လာခဲ့ရာ ယခုဆိုလျှင် ၂ နှစ်နှင့် ၃ လကျော် လာခဲ့ပြီ ဖြစ်ပါသည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။ ထို့ပြင် ယာယီအဖွဲ့ခေါင်းဆောင်၏ သက်တမ်းမှာ စတုတ္ထအကြိမ်မြောက် NCA-S EAO Summit ကျင်းပပြီးစီး သည့် အချိန်အထိ သတ်မှတ်ထား သော် လည်း Summit ကျင်းပရာတွင် ပထမပိုင်းကိုသာ ကျင်းပနိုင်ခဲ့၍ ဒုတိယ ပိုင်းကို ဆက်လက် ကျင်းပရန် လိုအပ်နေသေးသောကြောင့် မိမိအနေဖြင့် ယာယီ အဖွဲ့ ခေါင်းဆောင် တာဝန်ကို မလွှဲမရှောင်သာ ဆက်လက် တာဝန်ယူ လာရခြင်း ဖြစ် ပါသည်ဟုလည်း ဆိုထားသည်။ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ယခု လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် မိမိအနေ ဖြင့် မိခင် အဖွဲ့အစည်းအတွင်း တာဝန်များကို ပိုမိုအားစိုက် တာဝန်ယူလိုခြင်းနှင့် အခြားများပြားအရေးပါသော တာဝန်များကို ထမ်းဆောင်ရ မည်ဖြစ်သော ကြောင့် PPST အဖွဲ့ခေါင်းဆောင် တာဝန်များအား PPST ထံ ပြန်လည် အပ်နှံ လိုခြင်း ဖြစ်ပါ သည်”ဟု စာထဲမှာ ပြောထားသည်။ သို့ဖြစ်ပါ၍ လာမည့် PPST အစည်းအဝေးတွင် PPST ယာယီအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူခြင်းမှ ရပ်နား လိုကြောင်း မိမိ၏ ပန်ကြားချက်ကို အလေး အနက် ညှိနှိုင်းဆွေးနွေးပြီး ရပ်နားခွင့် ပြုပါရန် PPST ခေါင်းဆောင် များအား ကြိုတင် ပန်ကြား အသိပေးအပ်ပါသည်ဟု စာထဲတွင် ရေးသား ဖော်ပြထား သည်။ PPST အဖွဲ့ဝင် PNLO နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူကတော့ သူ့ မိခင် အဖွဲ့အစည်းတာဝန်တွေ သိပ် များလို့ သူ့ကို နားခွင့်ပြုဖို့ပေါ့လေ၊ စာတင် တာတော့ ရှိပါတယ်။ သို့သော် ဝိုင်းဝန်းတောင်းပန်ပြီးတော့ တိုင်းရင်းသား ညီလာခံအထိ စောင့်ဖို့ ဝိုင်းဝန်းတောင်းပန်ကြမလားလို့ စဉ်းစားထားကြတယ်” ဟု CNI News ကို ပြော သည်။ PPST အစည်းအဝေးကို ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့များတွင် Video Con- ferencing ဖြင့် ကျင်းပသွားမည်ဖြစ် ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် အဖွဲ့ခေါင်း ဆောင် အဖြစ်မှ ရပ်နားမည့်ကိစ္စ အပါအဝင် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ တိုင်းရင်းသား ညီလာခံကိုလည်း ထိုင်းနိုင်ငံအတွင်း ကိုဗစ် ၁၉ ရောဂါ ထိန်း ချုပ်နိုင်မှု ရှိလာပါက အောက်တိုဘာ လထဲမှာ ကျင်းပသွားရန် စီစဉ်ထား ကြောင်း၊ ထိုတိုင်းရင်းသား ညီလာခံအထိ ဗိုလ်ချုပ်ကြီး ယွက်စစ် အနေဖြင့် PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူပေးရန် ဝိုင်းဝန်း မေတ္တာရပ်ခံမည်ဖြစ်ကြောင်း၊ အဆင်မပြေပါက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို ပြန်လည် ချဉ်းကပ်ကာ လတ်တလော တာဝန်ယူပေးရန် မေတ္တာရပ်ခံ မည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ နှစ်ဦး စလုံး အဆင်မ ပြေပါက PPST တွင် သုံးဦးဝန်းကျင်ပါသည့် အဖွဲ့ကို ဖွဲ့ကာ PPST ကို ဦးဆောင်လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက်ရန် စဉ်းစားထား ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ PPST ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူ ထောင် ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့က ပထမဆုံး ဖွဲ့စည်း ခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည်။ PPST ကို စတင် ဖွဲ့စည်းစဉ်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လက PPST ၏ (၀၃/၂၀၁၉) အစည်းအဝေးကို ကျင်းပ၍ ဆုံးဖြစ်ချက်အရ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို PPST ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
# ဗိုလ်ချုပ်ကြီး ယွက်စစ်
#PPST ခေါင်းဆောင်
#ယာယီအဖွဲ့ခေါင်းဆောင်မှ နှုတ်ထွက်လို
#နိုင်ငံရေး/ငြိမ်းချမ်းရေး
PPST ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် ဗိုလ်ချုပ်ကြီးယွက်စစ် စာပို့
- By CNI
- Category: နိုင်ငံရေး
- Hits: 500