PPST အစည်းအဝေး(၁၇/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က Video Conferencing ကနေ ကျင်းပစဉ် အဖွင့်မိန့် ခွန်း ပြောရာမှာ အထက်ပါအတိုင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ခြင်း ဖြစ်သည်။ ထို့နောက် အစည်းအဝေးတွင် NUG နှင့် ပတ်သက်၍ ဘုံသဘောထား ချမှတ်နိုင် ရေး ဆွေးနွေးသွားမည်ဖြစ် သကဲ့သို့ PPST ၏ ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ဆိုသည်။ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ရှမ်းပြည်မြောက်ပိုင်းမှာ မိမိတို့ ညီနောင် တိုင်းရင်း သား အချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှု တွေမှာ အဖွဲ့အစည်း တချို့တွေ က နောက်ကွယ်ကနေ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေလို့ ဒီစစ်ရေး ပွတ်တိုက် မှုတွေဟာ ပိုမိုကျယ်ပြန့် ကြီးမားလာ နိုင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကိုပါ ရိုက်ခတ်လာစေနိုင်တာကို သတိပြုစေလိုကြောင်း ပြောကြားလိုပါတယ်”ဟု ပြောသည်။ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ပါဝင်နေသည်ကိုတော့ မပြောပေ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းသည့် နည်းဖြင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးစေသော နိုင်ငံ ရေး ဆွေးနွေးခြင်း စားပွဲဝိုင်းကို ဖန်တီးပေးသလို ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကိုလည်း အာမခံထားခြင်း ဖြစ်သည်ကို သတိချပ် မိရန် လိုအပ်ကြောင်း ဆိုသည်။ လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA)- တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ပူးပေါင်းမဟာမိတ် အဖွဲ့ကြား နယ်မြေ အငြင်းပွားကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး SSPP/SSA ၏ ဝမ်ဟိုင်းဌာနချုပ် တည်ရှိရာ ကျေးသီးမြို့နယ် အတွင်းမှာလည်း RCSS/SSA နှင့် SSPP/SSA ကြား တိုက်ပွဲများ ဖြစ်ပွားနေ သည်။ RCSS-SSPP-TNLA တို့ကြား သုံးပွင့်ဆိုင် စစ်ရေး ပြဿနာသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကနေ စတင်၍ ယနေ့ချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ လည်း မကြာခဏ တိုက်ပွဲရှောင်ကြရလေ့ရှိသည်။ SSPP နှင့် TNLA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များကြသည်။ အဆိုပါ FPNCC အဖွဲ့ကို UWSA က ခေါင်းဆောင်ပြီး အများစုသည် တရုတ် အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေး တစ်ရပ်ရှိကြသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်နေသူများက ဆိုသည်။ ထို့နောက် FPNCC အဖွဲ့တွင် ပါဝင်သည့် TNLA သည် KIA၊ MNDAA၊ AA တို့ဖြင့် စစ်ရေး-နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းထားသည်။ သို့သော် SSPP၊ TNLA၊ UWSA၊ NDAA၊ KIA၊ MNDAA၊ AA တို့သည် NCA လက်မှတ်မရေးထိုး ထား သည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် KIA၊ MNDAA၊ TNLA၊ AA၊ SSPP၊ UWSA၊ RCSS စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက်ရှိသလို စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ- နယ်ခြားစောင့်တပ်ဖွဲ့ များ လှုပ်ရှား လျက်ရှိကြသည်။ RCSS သည် NCA ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုး ထားပြီး နိုင်ငံရေးအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင် ပါဝင်ကာ လက်ရှိ၌ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ PPST ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင် အမျိုး သား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုး သား တပ်ဦး(CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့က ပထမဆုံး ဖွဲ့စည်းခဲ့ သည်။ ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထား သည်။
#ဗိုလ်ချုပ်ကြီး ယွက်စစ်
#ရှမ်းမြောက်တိုက်ပွဲ
#တိုင်းရင်းသားအချင်းချင်း
#PPST အစည်းအဝေး
#တိုက်ပွဲရှောင်
ရှမ်းမြောက်တိုက်ပွဲ နောက်ကွယ်တွင် အဖွဲ့အစည်းတချို့ပါဝင်နေဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
- By CNI
- Category: နိုင်ငံရေး
- Hits: 461