CNI International News

မော်စကို၊ဒီဇင်ဘာ ၁၉

ရုရှားကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂူး (Sergey Shouigu) သည် အထူးစစ်ဆင်ရေးဒေသများရှိ တပ်ဖွဲ့ဝင်များကို သွားရောက်စစ်ဆေးကာ ရှေ့တန်းစစ်မျက်နှာရှိ စစ်သားများနှင့် စကားပြောဆိုခဲ့သည်ဟု ရုရှား ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈ ရက်)တွင် ထုတ်ပြန်ခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

“ ရုရှားဖက်ဒရေးရှင်း တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂူးသည် တောင်ပိုင်းစစ်ဧရိယာသို့ သွားရောက်ခဲ့ကာ အထူးစစ်ဆင်ရေးဒေသများရှိ တပ်ဖွဲ့ဝင် အုပ်စုများကို စစ်ဆေးကြည့်ရှုခဲ့သည်”ဟု ကာကွယ်ရေးဌာန က ပြောသည်။
ဝန်ကြီးသည် တပ်ဖွဲ့များ ချထားရာ ဧရိယာများသို့ သွားရောက်ခဲ့ကာ ရှေ့တန်းရှိ ရုရှားတပ်ဖွဲ့များကို စစ်ဆေး ခဲ့သည်ဟုလည်း ပြောသည်။

“ရှေ့တန်းစစ်မျက်နှာတွင် ဝန်ကြီးက ရုရှားစစ်သားများနှင့် တွေ့ဆုံခဲ့ကာ စစ်ဆင်ရေးများတွင် ပြသခဲ့သော တပ်သားများ၏ စွမ်းရည်နှင့်ပတ်သတ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်”ဟု ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ရုရှားစစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)


ထိန်းချုပ်ရေး စခန်းတွင် ဝန်ကြီးသည် လက်ရှိ အခြေအနေများအပြင် ရုရှားတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အရာရှိများ၏ တင်ပြချက်များကိုလည်း နားထောင်ခဲ့သည်။

ထိုသို့ နားထောင်ရာတွင် ဝန်ကြီးသည် တပ်သားများအတွက် အထောက်အကူ ပြုစေမည့် အကူအညီများ၊ စစ်မြေ ပြင်တွင် တပ်သားများ ချထားရေးဆိုင်ရာ အခြေအနေများအပြင် ဆေးတပ်ဖွဲ့ဝင်များနှင့် နောက်တန်း ယူနစ်များ အတွက်လည်း အထူးအလေးထားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကလည်း ဒီဇင်ဘာ ၁၆ ရက်နေ့က ယူကရိန်းရှိ ရုရှားအထူးစစ်ဆင်ရေးဌာနချုပ်သို့ လာရောက် လည်ပတ်ရာတွင် ကာလတိုနှင့် ကာလလတ် ရှုထောင့်ဆိုင်ရာ အနာဂတ်အစီစဉ်များနှင့်ပတ်သက်၍ အရာရှိများ၏ တင်ပြချက်များကို နားထောင်ခဲ့သည်။

Source: တာ့စ်