CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာ ကျေးရွာမှ အမှတ် (၇) လမ်းမကြီး သို့ ဆက်သွယ်ထားသော ကားလမ်းဘေး၌ သေဆုံးနေသည့် အမျိုးသား အလောင်း ၁၃ လောင်းကို ယနေ့ (ဒီဇင်ဘာ ၅ ရက်) နံနက် ၇ နာရီက တွေ့ရှိရကြောင်း သိရသည်။

 

နစက-က ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေဆုံးနေ သည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရေများ စိုနေပြီး လက်ဖျားများ နူးပွနေသည့် အမျိုးသားအလောင်း ၁၃ လောင်းကို တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နစက၏ ထုတ်ပြန်ချက်

အဆိုပါ သေဆုံးနေသည့် အမျိုးသားများသည် မည်သူမည်ဝါများဖြစ်ကြောင်းနှင့် မည်သည့် အရပ်ဒေသကလည်း ဆိုသည်ကို မသိရှိရသေးသလို မည်သည့်အတွက်ကြောင့် သေဆုံးနေသည်ကိုလည်း မသိရသေးပေ။