CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံကို အမည်မဲ(Black list)စာရင်းသွင်းခြင်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးပမ်းချက်ဖြစ် ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာန သို့ ပြောသည်။

နစကကို နိုင်ငံရေးအရ ဖိအားပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လူထုအတွက် မည်မျှ အကျိုးရှိမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးစိုင်းလိတ်က “ဒါက နိုင်ငံရေးအရ ဖိအားအမျိုးမျိုးထဲက တစ်ခုပေါ့နော်၊ ဒါကလည်းပဲ စစ်အာဏာရှင်စနစ် အမြန် ချုပ်ငြိမ်းဖို့အတွက် သူတို့ ကြိုးပမ်ချက် တစ်ရပ်ဖြစ်တယ်၊ ဒါဟာလည်းပဲ ဘယ်လောက်အထိ ထိရောက်မလဲ၊ ဘယ် လောက်အထိ လူထုအတွက် အကျိုးရှိမလဲဆိုတာတော့ အနည်းငယ် စောင့်ကြည့်ရဦးမယ်လို့ မြင်ပါတယ်၊ အဓိက ကတော့ စစ်အုပ်စုရဲ့ လောလောဆယ် အာဏာရယူထားတဲ့ စကစ အနေနဲ့ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း မရှိ အောင် ပိုပြီးတော့မှ ဖိအားပေးတဲ့ သဘောလို့ မြင်ပါတယ်‌” ဟု CNI သတင်းဌာနသို့ ပြောသည်။

 FATF   အစည်းအဝေးကျင်းပနေစဉ် 

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်နေသည့် အချိန်မှာပဲ ငွေကြေး ခဝါချမှု တိုက်ဖျက်ရန် ပျက်ကွက်သည်ဟုဆိုကာ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) က မြန်မာ နိုင်ငံကို အမည်မဲစာရင်း သွင်းလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။

အဆိုပါ အမည်မဲစာရင်း သွင်းလိုက်ခြင်းကြောင့် လူထု အပါအဝင် ပြည်ပနှင့် ဆက်သွယ်၍ လုပ်ဆောင်နေသည့် ဘဏ်ကိစ္စ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ ထိခိုက်နိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စနစ်တစ်ခုလုံးက ပြိုကျပျက်စီးနေတော့ စီးပွားရေးကဏ္ဍလည်း ပြိုကျနေတယ်၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကဏ္ဍအသီးသီးမှာ ဘက်စုံပြိုကျမှုတွေ ဖြစ်နေတဲ့ အခါကြတော့ အခုတော့ ဘဏ္ဍရေးပြိုကျမှုကို ဘဏ္ဍရေးနဲ့ ဆိုင်တဲ့ အစုအဖွဲ့က ဒဏ်ခတ်တာပေါ့ဗျာ၊ နိုင်ငံရေးပြိုကျမှုကို‌တော့ နိုင်ငံ‌‌ရေးနဲ့ ဆိုင်တဲ့ အစုအဖွဲ့တွေက စီးပွားရေး ပိတ်ဆို့တာတွေ၊ ဘာတွေ အဲဒါတွေ လုပ်ကြတာပေါ့၊ အဲဒါတွေ အားလုံး ပေါင်းလိုက်တဲ့ အခါကြ‌တော့ အထွေထွေပြိုကွဲမှုတွေ ဖြစ်လာတော့မယ့် အလားအလာဖြစ်တာပေါ့။ ကျ‌နော် ထင်တာတော့ နာမည်က ပျက်ပြီးပြီဆိုရင်တော့ ချက်ချင်းကြီးတော့ ပြန်‌ကောင်းအောင် လုပ်ဖို့ကတော့ သိပ်လွယ် မယ့် သဘောတော့ မရှိဘူး။ အားလုံး System တစ်ခုလုံး ပြန်ပြင်မှ ဥပမာဗျာ နိုင်ငံရေးစနစ်ရော၊ အုပ်ချုပ်ရေး စနစ်ရော အားလုံးကို ပြန်ပြီးတော့ ပြင်ဆင်နိုင်မှပဲ ဒီဘဏ္ဍာရေး ကိစ္စပါ ပြန်ကောင်းလာဖို့ ရှိတယ်လို့ဗျ၊ တစ်စုံလုံး ပြင်ရမယ့် သဘောတော့ ရှိတယ်ဗျ” ဟု ပြောသည်။

မြန်မာကို အမည်မဲစာရင်းကြေညာနေသော အရာရှိ(GETTY IMAGES)

ကမ္ဘာ့အဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပပြုလုပ်သည့် FATF အစည်းအဝေးအပြီးမှာ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူအရာရှိက ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်များနှင့် ချိတ်ဆက်မှု ကန့်သတ်ခံထား ရသည့် မြောက်ကိုရီယား၊ အီရန်နိုင်ငံတို့နှင့် အတူတူ ဖြစ်သွားကြောင်း သိရသည်။