- By CNI
- Category: နိုင်ငံရေး
- Hits: 1601
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၈
လော့ဟီးမာတင်ကော်ပိုရေးရှင်း (Lockheed Martin Corp) သည် ၎င်း၏ကိုယ်ပျောက်တိုက်လေယာဉ် သတ္တုစပ် စက်ပစ္စည်းအစိတ်အပိုင်း တရုတ်နိုင်ငံထဲတွင် ပြုလုပ်နေကြောင်း သိရှိရပြီးနောက် F-35 တိုက်လေယာဉ်များ ရောင်းချခြင်းကို ယာယီဆိုင်းငံ့လိုက်ကြောင်း အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့သည်။
လော့ဟီးမာတင်သည် အဆိုပါ တိုက်လေယာဉ်များ ထုတ်လုပ်သူဖြစ်ပြီး ယခုဖြစ်စဉ်မှာ ဖက်ဒရယ်ကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ရာရောက်ကြောင်း CNN က သတင်းဖော်ပြသည်။
ပေါင်းစပ်ပါဝါပက်ကေ့ချ်၏ တစိတ်တပိုင်းအဖြစ် သုံးသော သတ္တုစပ် (Alloy) ပါဝင်သည့် သံလိုက်ကိရိယာသည် လုံခြုံရေးဆိုင်ရာ ပြဿနာတော့ မရှိကြောင်း ပင်တဂွန်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ် (GETTY IMAGES)
“သံလိုက်ကိရိယာဟာ သတင်းအချက်အလက်ပေးပို့တာ (ဒါမှမဟုတ်) လေယာဉ်ရဲ့ ကြံ့ခိုင်မှု မထိခိုက်စေဘူးဆို တာ ကျနော်တို့ အတည်ပြုထားပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်နေတာက စွမ်းဆောင်ရည်၊ အရည်အသွေး၊ လုံခြုံရေး အန္တရာယ် ရှိ/မရှိဆိုတဲ့အပေါ် မူတည်ပြီး F-35 လေယာဉ် ထုတ်လုပ်ရေးနဲ့ ပျံသန်းရေးတို့ကို ပုံမှန်လိုပဲ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု အမေရိကန်ကာကွယ်ရေးဌာန၊ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရက်စ်ဂိုးမား (Russ Goemaere) က ရှင်းပြသည်။
လော့ဟီးမာတင်ကုမ္ပဏီသည် လာမည့်ကာလများအတွက် အဆိုပါသတ္တုစပ်အတွက် အစားထိုးစရာ အရင်းအမြစ် ကို ရှာဖွေထားပြီးဖြစ်ကြောင်း ပင်တဂွန်က ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် လော့ဟီးမာတင်ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ ပေါက်ကြားခဲ့ရခြင်းအတွက် မည်သို့ဖြစ်ပျက်ခဲ့ပုံကို ဆုံးဖြတ်ရန် ပြန်လည်သုံးသပ်နေသည်။
ယခုအခါ လေယာဉ် တင်ပို့ရောင်းချမှု မည်သည့်ကာလအထိ ဆိုင်းငံ့ထားမည် (သို့မဟုတ်) တရုတ်သတ္တုစပ်မည်မျှ ထုတ်လုပ်ထားကြောင်း တွေ့ရသည် စသည့် အချက်အလက်များကိုတော့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
အဆိုပါ ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် F-35 အစင်းရေ ၁၅၃ အထိ တင်ပို့ရောင်းချရန် အစောပိုင်းက စီစဉ်ခဲ့ရာ ယခုအချိန်အထိ ၈၈ စင်း တင်ပို့ခဲ့ပြီး ဖြစ်သည်။

လော့ဟီးမာတင်ကုမ္ပဏီကိုတွေ့ရစဉ် (GETTY IMAGES)
F-35 သည် ကမ္ဘာ့အဆင့်မြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။
အမေရိကန်လေတပ်သည် F-35A အမျိုးအစား ၃ မျိုး ထုတ်လုပ်ပြီး သမရိုးကျ အတက်အဆင်း လုပ်နိုင်သော ဂျက်လေယာဉ်ပေါင်း ရာနှင့်ချီ၍ လုပ်ငန်းလည်ပတ်စေခဲ့သည်။ လေယာဉ်ပြေးလမ်း လျှောဇောက်မလိုဘဲ ဒေါင် လိုက် ဆင်းသက်နိုင်၊ ပျံတက်နိုင်သည့် မရိန်းတပ်ဖွဲ့၏ F-35B များနှင့် F-35C တို့ကို လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးအတွက် အသင့်ပြင်ဆင်ခဲ့သည်။
အဆိုပါလေယာဉ်များတွင် တပ်ဆင်ထားသည့် သံလိုက်စနစ်သည် ရေဒါဖြင့် အဝေးမှ ထိုးဖောက်မြင်နိုင်စွမ်း (သို့မဟုတ်) ထိရှလွယ်သည့် ကွန်ပျူတာစနစ် ပရိုဂရမ်များထဲသို့ ဝင်ရောက်နှောင့်ယှက်နိုင်စွမ်း မရှိအောင် ဖန်တီးထားသည်။
F-35 လေယာဉ် လုပ်ငန်းများ၊ ပို့ဆောင်ရေးများ ပြန်လည်စတင်နိုင်အောင် လက်ရှိ ပြဿနာများကို တတ်နိုင်သမျှ ဖြေရှင်းနေကြောင်း လော့ဟီးမာတင်က ထုတ်ပြန်ချက် တစ်စောင်ထဲတွင် ပြောကြားထားသည်။
Source: CNN
- By CNI News
- Category: နိုင်ငံရေး
- Hits: 1747
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၇
အိန္ဒိယအစိုးရနှင့် နာဂလက်နက်ကိုင် NSCN/GPRN (Niki) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုနှစ် စက်တင်ဘာ ၇ ရက်မှ လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ၁ နှစ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။
NSCN/GPRN CFSB အဖွဲ့မှ ကွပ်ကဲရေးမှူး Abel Zingrü Thuer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့ရှိ The Hotel Ashoka တွင် ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးစာချုပ်ကို ယနေ့ (စက်တင်ဘာ ၇ ရက်)တွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၅ ရက်တွင် နယူးဒေလီမြို့သို့ စတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။
နီကီဆူမီကို တွေ့ရစဉ်
NSCN(Niki)အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် နေထိုင်ကာ အိန္ဒိယဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)မှ ခွဲထွက်သွားသည့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင် သော အဖွဲ့ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ ဒီမာပူဒေသမှာ အခြေစိုက် နေထိုင်လျက်ရှိသည်။
NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။
ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက် ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။
အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးယူထားသည့် NSCN-IM ခေါင်းဆောင် မွီးဗာ
လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေး သဘောတူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral)ရေးထိုးထားသည်။
NSCN-K ကိုတည်ထောင်ခဲ့သူ ကပ္ပလန်
သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။
ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သည့် အုပ်စုကြား ငြိမ်းချမ်း ရေး ဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-(Niki) ဆိုသော အမည်ကိုသုံးပြီး ဦးယုံးအောင်က NSCN-YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2219
CNI International News
အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၇
လွန်ခဲ့သော ၅ လခန့်က လွှတ်တော်၏ ဖြုတ်ချခြင်းခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် ပါကစ္စတန် နိုင်ငံတဝန်း နိုင်ငံရေးအင်အားစု တစ်ရပ်အဖြစ် ရေပန်းစားနေဆဲဖြစ်ကြောင်း ၎င်းအပေါ်ထောက်ခံသည့် ဆန္ဒပြ ပွဲများ၊ လူစုလူဝေးများက ပြသနေကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အီမရန်ခမ်းသည် စက်တင်ဘာ ၆ ရက်တွင် နိုင်ငံ၏ အနောက်မြောက်ပိုင်း ပက်ရှဝါ(Peshawar)မြို့၌ ၎င်းအပေါ် ထောက်ခံသူ ၂၅,၀၀၀ ခန့်ကို မိန့်ခွန်းပြောကြားခဲ့သည်။
ပက်ရှဝါသည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှေးရိုးစွဲ ဒေသခံ အများစုနေထိုင်ရာ ခေဘာ ပက်ထန်ခဝါ(Khyber Pakhtunkhwa)ပြည်နယ်၏ မြို့တော်ဖြစ်သည်။
လက်ရှိ ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်အစိုးရကို လျှပ်တစ်ပြက် ရွေးကောက်ပွဲ ကျင်းပပေးရန် အတင်းအကြပ် တွန်း အား ပေးဖို့အတွက် မိမိ၏ စည်းရုံးရေး အထွတ်အထိပ်အဖြစ် မြို့တော်သို့ လူအင်အားသုံး၍ ချီတက်သွားမည်ဟု ခမ်းက ထုတ်ဖော် ပြောကြားခဲ့သည်။

အီမရန်ခမ်းကို ထောက်ခံသူများ (AP)
နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က “ခမ်းသည် ထောက်ခံသူ အင်အားကောင်းနေ၍ အနိုင်နှင့် ပိုင်းနိုင်သည်” ဟု ထင်ကြေးပေးကြသည်။
“မကြာခင် အစ္စလာမ္မာဘတ်ကို ချီတက်ဖို့ ကျနော် ကမ်းလှမ်းလိုက်မယ်။ အဲဒါအတွက် ခင်ဗျားတို့ အဆင်သင့် ဖြစ်ပြီလား” ဟု ခမ်းက မေးခဲ့ရာ ထောက်ခံသူများက “ဖြစ်ပြီ … ဖြစ်ပြီ” ဟု တုံ့ပြန်ခဲ့ကြသည်။
အစောပိုင်းက ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုမှုကို ခမ်းက ပြန်လည်ပယ်ချခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားနိုင်ရေး ဆက်လက်ပြောကြားခဲ့သည်။
ယခင်ကလည်း ၎င်းဦးဆောင်သည့် ဆန္ဒပြပွဲများ ပြင်းထန်ခဲ့သဖြင့် အစိုးရက မီဒီယာစည်းမျဉ်း ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရာ စက်တင်ဘာ ၆ ရက် ခမ်း၏မိန်ခွန်းကို ပါကစ္စတန်ရုပ်သံ ထုတ်လွှင့်ရေးဌာနများက တိုက်ရိုက် မပြသခဲ့ကြပေ။

အီမရန်ခမ်းကို ထောက်ခံသူများ (AP)
စစ်တပ်၊ တရားစီရင်ရေး ကိစ္စများနှင့်ပတ်သက်၍ ယခုတလော ခမ်း၏ ဝေဖန်ပြောဆိုနေမှုများကြောင့် ၎င်းမိန့်ခွန်း များ တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို ပိတ်ပင်ခံရသည်။
သို့ဖြစ်၍ ကြည့်ရှုသူများအနေဖြင့် YouTube နှင့် အခြားလူမှုကွန်ရက် မီဒီယာများမှတဆင့် ခမ်း၏မိန့်ခွန်းကို ဝင်ရောက် ကြည့်ရှုနားထောင်ရန် အခက်အခဲ တွေ့ခဲ့ရသည်။
“မိမိ၏ ပိုမိုလွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လက်မခံသော အမေရိကန်၏ ကြံစည်မှုကြောင့် လက်ရှိအစိုးရ အာဏာရလာခဲ့ကြောင်း” ရာထူးမှ ဖြုတ်ချခံရပြီးကတည်းက ခမ်းသည် အခိုင်အမာ ပြောကြားနေခဲ့သည်။
ထိုသို့ ခမ်း၏ ပြောကြားချက်ကိုတော့ ဝါရှင်တန်အစိုးရဘက်မှ ငြင်းဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလတွင် အီမရန်ခမ်းသည် လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး မဲခွဲဆုံးဖြတ်မှု ဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် ၃ နှစ်ခွဲကျော် အာဏာရခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1323
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၇
လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၂၂ APEC (အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) ထိပ်သီး အစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းဒုတိယဝန်ကြီး ချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်း (Don Pramudwinai) က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ထိပ်သီး အစည်းအဝေးတွေကို အွန်လိုင်းကနေ စီစဉ်တဲ့အခါမှာ သမ္မတပူတင်ဟာ အရင် ၃ နှစ်လောက်က Covid-19 ကိစ္စနဲ့ APEC အစည်းအဝေးကလွဲရင် ကျန်တဲ့ထိပ်သီးအစည်းအဝေးတွေကို ပုံမှန်တက်ခဲ့ပါတယ်။ သမ္မတအနေ နဲ့ လာမယ့်နိုဝင်ဘာမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးကို တက်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်နှင့် ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ဒွန်ပရာ မူဒဝီနိုင်း က ပြောကြားခဲ့သည်။
အကယ်၍ လာမည့် APEC ထိပ်သီးအစည်းအဝေး၌ ရုရှားသည် အာရှအတွက် ၎င်း၏မူဝါဒရေးရာ အချက်အချာ ကျကြောင်း ကြေညာရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ပေးစွမ်းနိုင်လိမ့်မည်ဟု မိမိ ယုံကြည်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒီထိပ်သီးအစည်းအဝေးဟာ အာရှ-ပစိဖိတ်ဒေသရဲ့ ကပ်ရောဂါအလွန်ကာလ ဖွံ့ဖြိုးတိုးတက်စေဖို့ သူ့ရဲ့ စေတနာ ထားမှုကို ကြေညာဖို့အရေး ရုရှားအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်လာမှာပါ” ဟု ဒွန်ပရာမူဒဝီနိုင်းက မှတ်ချက်ချခဲ့သည်။

“အာရှတိုက် အရှေ့တောင်ဘက်က နိုင်ငံတွေအတွက် ရုရှားနဲ့တခြားအာရှနိုင်ငံတွေရဲ့ ရှုထောင့်အသစ်တွေကို ကျနော်တို့(ထိုင်း) က ပံ့ပိုးပေးနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
APEC တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်ထားကြသည်။
တည်ထောင်သည့်နိုင်ငံပေါင်း ၁၂ နိုင်ငံဖြစ်ကြရာ သြစတြေးလျ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကနေဒါ၊ မလေးရှား၊ နယူးဇီလန်၊ စင်္ကာပူ၊ အမေရိကန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အစပျိုးခဲ့ကြသည်။
ယင်းနောက် ၁၉၉၁ ခုနှစ်တွင် တရုတ်နိုင်ငံလည်း APEC အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
ဆက်လက်ပြီး ၁၉၉၃ ခုနှစ်တွင် မက္ကစီကိုနှင့် ပါပူဝါးနယူးဂီနိ၊ ၁၉၉၄ ခုနှစ်တွင် ချီလီ၊ ၁၉၉၈ ခုနှစ်တွင် ရုရှား၊ ဗီယက်နမ်နှင့် ပီရူးတို့လည်း အဖွဲ့ဝင်ဖြစ်လာခဲ့ကြသည်။
အသင်းအဖွဲ့အနေဖြင့် APEC သည် စီးပွားရေးအစဉ်အလာကို ရည်ညွှန်းဖော်ဆောင်ခဲ့သည်။
ယခု ၂၀၂၂ ခုနှစ် APEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လာမည့်နိုဝင်ဘာတွင် ကျင်းပရန် စိစဉ်ထားသည်။
ယခင် ၁၉၉၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင်လည်း ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ဖူးသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1057
CNI International News
လန်ဒန်၊ စက်တင်ဘာ ၇
စက်တင်ဘာ ၆ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် ပူပူနွေးနွေး စတင် တာဝန်ထမ်းဆောင်ခဲ့သည့် လစ်ဇ်ထရက်စ် (Liz Truss)က စွမ်းအင်နှင့် စီးပွားရေး အကျပ်အတည်း ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
လစ်ဇ်ထရက်စ် ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အချိန်မှာပဲ လတ်တလော ဖြေရှင်း စရာ အကျပ်အတည်းများစွာ စတင်ရင်ဆိုင်ရပြီဖြစ်ကြောင်း၊ ထိုအကျပ်အတည်းများမှာ ကုန်ဈေးနှုန်း ကြီးလာမှုကို တားဆီးရန်၊ စီးပွားရေးမြှင့်တင်ရန်၊ အလုပ်သမားရေးရာ မငြိမ်သက်မှုများကို လျှော့ချရန်နှင့် ဝန်ထမ်းရှားပါးလာမှု ပြဿနာ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့အတွက် ကတိပြုခဲ့ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။
ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့် စွမ်းအင်အကျပ်အတည်း လွှမ်းမိုးနေမှုကို ထရက်စ်က ကိုင်တွယ် ဖြေရှင်း ရမည်ဖြစ်ပြီး ဝန်ကြီးအဖွဲ့အတွက် အရေးပါသူများအား စတင်ခန့်အပ်နေပြီ ဖြစ်သည်။

ဗြိတိန်ဘုရင်မကြီးနဲ့ လစ်ဇ်ထရက်စ်ကို တွေ့ရစဉ် (AP)
ဗြိတိန်၏ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာသူ ထရက်စ်သည် ကျား/မ ရေးရာနှင့် လူမျိုးစု ကွဲပြား နေမှုဆိုင်ရာ ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး လွတ်လပ်သော ဈေးကွက် အခြေခံသည့် နိုင်ငံရေးစနစ် အတွက် ကတိပြုခဲ့သည်။
ထရက်စ်၏ အစိုးရအဖွဲ့တွင် ကဝါစီကဝါတန် (Kwasi Kwarteng) သည် ပထမဆုံးလူမည်း ဘဏ္ဍာရေးအကြီးအကဲ ဖြစ်လာခဲ့ပြီး သီးရက်စ်ကိုဖေး (Therese Coffey) က ဗြိတိန်၏ ပထမဆုံးအမျိုးသမီး ဒုတိယဝန်ကြီးချုပ် ဖြစ်လာ ခဲ့သည်။
အခြား ထိပ်တန်း ရာထူးခန့်အပ်မှုများမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျိမ်းစ်ကလီဗာလေး (James Cleverly) နှင့် ပြည်ထဲရေးဌာနအတွက် ဆူလီနာဘရေ့ဗာမန်း (Suella Braverman) တို့ကို ခန့်အပ်ခဲ့သည်။ ဆူလီနာဘရေ့ ဗာမန်း သည် လူဝင်မှုကြီးကြပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်ပါ တာဝန်ယူရမည် ဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရတဲ့ ဘောရစ်ဂျွန်ဆင် (AP)
မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်အပြင်ဘက်တွင် ထရက်စ်က ၎င်း၏ဝန်ကြီးချုပ်အဖြစ် ပွဲဦးထွက်မိန့်ခွန်းကို ပြောကြားခဲ့သည်။
မိန့်ခွန်းထဲတွင် စီးပွားရေး တိုးတက်စေရေးအတွက် အားဖြည့်ရန် အခွန်များ ဖြတ်တောက်မည်ဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုကို အားကောင်းစေပြီး စွမ်းအင် အကျပ်အတည်းကို ကိုင်တွယ်သွားမည်ဟု ရည်ရွယ်ထားကြောင်း၊ အဆိုပါ မူဝါဒများကို အကောင်အထည်ဖော်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း စသည်ဖြင့် ထရက်စ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၈ ရက်တွင် ဝန်ကြီးချုပ်သစ်၏ စွမ်းအင်အစီအစဉ်များကို ထရက်စ်က ချပြမည်ဟု မျှော်လင့်ရသည်။
၎င်းသည် စွမ်းအင်ကုန်ကျစရိတ်များ ကာမိစေရန်အတွက် ကန့်သတ်နိုင်ဖို့ စီစဉ်နေကြောင်း ဗြိတိန်သတင်း မီဒီယာ များက ရေးသားဖော်ပြကြသည်။ ထိုအစီအစဉ်တွင် အခွန်ထမ်း ပြည်သူများအတွက် ပေးဆောင်ရမည့် စုစုပေါင်း ပမာဏမှာ စတာလင်ပေါင် ၁၀၀ ဘီလီယံ (ဒေါ်လာ ၁၁၆ ဘီလီယံ)အထိ ရှိလာနိုင်သည်ဟု အေပီသတင်းအရ သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1641
CNI International News
ကိုလံဘို၊ စက်တင်ဘာ ၆
ပြီးခဲ့သည့် နှစ်လမပြည့်မီက သမ္မတအိမ်တော်ကို ဆန္ဒပြသူများ စီးနင်းသိမ်းပိုက်ခဲ့ပြီး မရှေးမနှောင်း၌ ပြည်တွင်းမှ အဆောတလျင် ထွက်ပြေးသွားခဲ့သော သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် သီရိလင်္ကာ နိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။
ရက်သတ္တပတ်ပေါင်းများစွာ ၎င်းနှင့်ပတ်သက်၍ သို့လော၊ သို့လော ထင်ကြေးပေး ပြောဆိုနေသံများမှာလည်း စက်တင်ဘာ ၃ ရက်၌ ရာဂျာပက်ဆာ ပြန်ရောက်လာခြင်းနှင့်အတူ တိတ်ဆိတ်သွားခဲ့သည်။
၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ၌ ပြည်တွင်းမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားခဲ့ရသော်လည်း ယခုအခါ သီရိလင်္ကာ၊ နိုင်ငံတကာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ ဆီးကြိုနှုတ်ဆက်သူများ ရှိနေခဲ့သည်။
ပြည်တော်ပြန် ရာဂျာပက်ဆာကို ဝန်ကြီးအဖွဲ့တစ်ဖွဲ့၊ မော်တော်ယာဉ်တန်းနှင့်အတူ “ကျနော် ပြန်လာပြီ” ဟူသော စာတန်းဆိုင်းဘုတ်များ၊ ပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

လာရောက်ကြိုဆိုသူများနဲ့အတူတွေ့ရသော ပြည်တော်ပြန်လာသော သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ (AP)
၎င်းကို တရားဝင် နေထိုင်ခွင့်၊ အထူးလုံခြုံရေးနှင့် နိုင်ငံ၏ ခေတ်အဆက်ဆက် သမ္မတဟောင်းများကို ပေးလေ့ရှိ သည့် အခြားအခွင့်အရေးများကို ပေးအပ်ထားကြောင်း သီရိလင်္ကာ၏ လက်ရှိအစိုးရ တာဝန်ရှိသူများက မီဒီယာ များကို ပြောကြားခဲ့သည်။
သို့ဖြစ်၍ ၎င်းကို မြို့တော်ကိုလံဘိုရှိ အစိုးရပိုင် ဘန်ဂလိုလုံးချင်းအိမ် တစ်ခုတွင် သီးသန့် အစောင့်အကြပ်များဖြင့် ထားရှိကြောင်း ပြည်တွင်းမီဒီယာများက ရေးသားကြသည်။
မည်သို့ပင်ဆိုစေကာမူ ရာဂျာပက်ဆာ ပြည်တော်ပြန်လာခြင်းအပေါ် ယခုနှစ် အစောပိုင်းကတည်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခင်းကျင်းခဲ့ကြသည့် တက်ကြွလှုပ်ရှားသူများအကြား နောက်ထပ်တဖန် ဒေါသထွက် စေခဲ့သည်။
အသက် ၇၃ နှစ်အရွယ်ရှိ ရာဂျာပက်ဆာသည် ဆိုးရွားသော မူဝါဒများ ချမှတ်ခဲ့ရုံမက အကျင့်ပျက်ခြစားမှု ကြီးကြီး မားမားဖြင့် တိုင်းပြည်စီးပွားရေးကို ချွတ်ခြုံကျစေခဲ့ကြောင်း ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ ကြသည်။
၂၀၀၉ ခုနှစ်ကျမှ အဆုံးသတ်ခဲ့သော ၂၇ နှစ်ကြာ ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများစာရင်း တွင် ရာဂျာပက်ဆာသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၎င်းသည် စစ်အတွင်း ကာလ၌ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။
Source: Vice.com
- By CNI
- Category: နိုင်ငံရေး
- Hits: 1911
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၆
ယူကရိန်းစစ်ပွဲအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီသော ဒုံးကျည် များနှင့် အမြောက်ကျည်ဆန်များကို ဝယ်ယူရန် လုပ်ဆောင်နေကြောင်း အမေရိကန် ထောက်လှမ်းရေး၏ တွေ့ရှိ ချက်ကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားသည် အထီးကျန်နိုင်ငံအဖြစ် မြောက်ကိုရီးယားဘက်သို့ ခြေဦးလှည့်လာနေပုံကို ပြသနေကြောင်း၊ ယူကရိန်း စစ်ကို ဆက်လက် တိုက်ခိုက်နိုင်ရေးအတွက် ပို့ကုန်ထိန်းချုပ်ခံရခြင်းနှင့် ပိတ်ဆို့ဒဏ်ခတ်ခံရခြင်းတို့ကြောင့် ရုရှား စစ်တပ်အနေဖြင့် ရှေ့တန်းထောက်ပံ့ ပို့ဆောင်ရေး၌ ဆိုးရွားစွာ ကြုံတွေ့နေဆဲဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းများကို သုံးသပ်ပြခဲ့သည့် အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စက်တင်ဘာ ၅ ရက်တွင် အေပီ သို့ ပြောကြားခဲ့သည်။
ရုရှားသည် မဝေးလှသော အနာဂတ်တွင် မြောက်ကိုရီးယားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများ ထပ်မံဝယ်ယူရန် ကြိုးပမ်းလာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ယုံကြည်နေကြသည်။
အဆိုပါ ထောက်လှမ်း တွေ့ရှိချက်ကို နယူးယောက်တိုင်းမ်မီဒီယာက အစောဆုံး ဖော်ပြခဲ့သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် (AP)
သို့သော် မြောက်ကိုရီးယားထံမှ ရုရှားသည် မည်သည့် လက်နက်အမျိုးအစား ဝယ်ယူရန် ရည်ရွယ်ထားကြောင်း ကိုတော့ အမေရိကန်ထောက်လှမ်းရေးက ထုတ်ဖော်မပြောပေ။
ရုရှားသည် ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွက် သုံးရန် အီရန်ထံမှ ပြီးခဲ့သည့် ဩဂုတ်လ၌ မောင်းသူမဲ့ လေယာဉ် (ဒရုန်း)များ ဝယ်ယူခဲ့သော်လည်း နည်းပညာဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း အိမ်ဖြူ တော်က ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
Mohajer-6 နှင့် Shahed-series မောင်းသူမဲ့ လေယာဉ်များကို ပြီးခဲ့သည့်လအတွင်း ရုရှားက စုဆောင်းခဲ့သည်။
ထိုစစ်သုံးကိရိယာများသည် ယူကရိန်းစစ်ပွဲ၌ သုံးရန် ရုရှားအစီအစဉ်၏ တစိတ်တပိုင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဘိုင်ဒန်အစိုးရက ယူဆထားသည်။
ဥရောပနှင့်အနောက်နိုင်ငံများ ကျောခိုင်းသွားခဲ့သော ရုရှားနှင့် ၎င်း၏ဆက်ဆံရေး ပိုမိုနီးကပ်လာစေရန် မြောက်ကိုရီးယားက ယခုတလော ကြိုးစားနေခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်း အကျပ်အတည်းအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အနောက်အုပ်စု၏ တအုပ်တမ (အုပ်စုဖွဲ့) အရေးယူခြင်းကိုလည်း ရှုတ်ချခဲ့သည်။ ယူကရိန်းမြေပေါ်တွင် ရုရှား၏ စစ်ရေးအရ ဆောင် ရွက်နေခြင်းသည် တရားမျှတကြောင်း ပြုံယမ်းအစိုးရက လက်ခံထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1924
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆
ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)ကို တက်ရောက်မည့် မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ်နိုင်ငံများကို ဂုဏ်ပြုသည့်အနေဖြင့် သက်ဆိုင်ရာအလံများအား International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြု ချိတ်ဆွဲထားခြင်းကို ရုရှားမီဒီယာ တာ့စ်သတင်းဌာနကလည်း ရုပ်သံ ဗွီဒီယိုတစ်ခုကို ထုတ်လွှင့် ပြသသွားသည်ကို တွေ့ရသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ မြန်မာဘက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့ တက်ရောက်ကြမည်ဖြစ်သည်။
ထိုသို့ တက်ရောက်လာကြမည့် ပုဂ္ဂိုလ်နှင့် ရုရှားသမ္မတ ပူတင်က တွေ့ဆုံ၍ နှစ်နိုင်ငံ အခြေအနေနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1181
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့ကို သွားရောက်ပြီး လေ့လာခဲ့သည်ဟု နစကဘက်က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လာသည်။
နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံမှာ ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် အရှေ့ဖျားရေငုပ်သင်္ဘောဌာန ချုပ်သို့ သွားရောက် လေ့လာနေခြင်း ဖြစ်ကြောင်း သိရသည်။
Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိကြောင်း၊ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်၀င် အခမ်းအနားကျင်းပနေစဉ်
ထို့နောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများ၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးရမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိန္ဒိယကနေ ၂၀၂၀ ပြည့်နှစ်၊ မတ်လက ဝယ်ယူထားသော ရုရှားလုပ် တစ်ပတ်ရစ် ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ထားသလို တရုတ်ကနေလည်း တစ်ပတ်ရစ် ရေငုပ်သင်္ဘော တစ်စင်းကို ဝယ်ယူထား သည့်အတွက် စုစုပေါင်း ရေငုပ်သင်္ဘော ၂ စင်းရှိသည်။
အဆိုပါ ရေငုပ်သင်္ဘောများသည် မင်းရဲကျော်ထင် (တရုတ်က ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေး ထားခြင်း)နှင့် မင်းရဲသိင်္ခသူ (အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေးထားခြင်း) တို့ ဖြစ်သည်။
ထို့နောက် ရုရှားနိုင်ငံကနေလည်း ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရန် မြန်မာ့တပ်မတော်က ကြိုးပမ်းနေကြောင်း သိရသည်။
