CNI International News

လန်ဒန်၊ စက်တင်ဘာ ၇

စက်တင်ဘာ ၆ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် ပူပူနွေးနွေး စတင် တာဝန်ထမ်းဆောင်ခဲ့သည့် လစ်ဇ်ထရက်စ် (Liz Truss)က စွမ်းအင်နှင့် စီးပွားရေး အကျပ်အတည်း ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

လစ်ဇ်ထရက်စ် ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အချိန်မှာပဲ လတ်တလော ဖြေရှင်း စရာ အကျပ်အတည်းများစွာ စတင်ရင်ဆိုင်ရပြီဖြစ်ကြောင်း၊ ထိုအကျပ်အတည်းများမှာ ကုန်ဈေးနှုန်း ကြီးလာမှုကို တားဆီးရန်၊ စီးပွားရေးမြှင့်တင်ရန်၊ အလုပ်သမားရေးရာ မငြိမ်သက်မှုများကို လျှော့ချရန်နှင့် ဝန်ထမ်းရှားပါးလာမှု ပြဿနာ၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့အတွက် ကတိပြုခဲ့ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့် စွမ်းအင်အကျပ်အတည်း လွှမ်းမိုးနေမှုကို ထရက်စ်က ကိုင်တွယ် ဖြေရှင်း ရမည်ဖြစ်ပြီး ဝန်ကြီးအဖွဲ့အတွက် အရေးပါသူများအား စတင်ခန့်အပ်နေပြီ ဖြစ်သည်။

ဗြိတိန်ဘုရင်မကြီးနဲ့ လစ်ဇ်ထရက်စ်ကို တွေ့ရစဉ် (AP)

ဗြိတိန်၏ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာသူ ထရက်စ်သည် ကျား/မ ရေးရာနှင့် လူမျိုးစု ကွဲပြား နေမှုဆိုင်ရာ ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး လွတ်လပ်သော ဈေးကွက် အခြေခံသည့် နိုင်ငံရေးစနစ် အတွက် ကတိပြုခဲ့သည်။

ထရက်စ်၏ အစိုးရအဖွဲ့တွင် ကဝါစီကဝါတန် (Kwasi Kwarteng) သည် ပထမဆုံးလူမည်း ဘဏ္ဍာရေးအကြီးအကဲ ဖြစ်လာခဲ့ပြီး သီးရက်စ်ကိုဖေး (Therese Coffey) က ဗြိတိန်၏ ပထမဆုံးအမျိုးသမီး ဒုတိယဝန်ကြီးချုပ် ဖြစ်လာ ခဲ့သည်။

အခြား ထိပ်တန်း ရာထူးခန့်အပ်မှုများမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျိမ်းစ်ကလီဗာလေး (James Cleverly) နှင့် ပြည်ထဲရေးဌာနအတွက် ဆူလီနာဘရေ့ဗာမန်း (Suella Braverman) တို့ကို ခန့်အပ်ခဲ့သည်။ ဆူလီနာဘရေ့ ဗာမန်း သည် လူဝင်မှုကြီးကြပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်ပါ တာဝန်ယူရမည် ဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရတဲ့ ဘောရစ်ဂျွန်ဆင် (AP)

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်အပြင်ဘက်တွင် ထရက်စ်က ၎င်း၏ဝန်ကြီးချုပ်အဖြစ် ပွဲဦးထွက်မိန့်ခွန်းကို ပြောကြားခဲ့သည်။

မိန့်ခွန်းထဲတွင် စီးပွားရေး တိုးတက်စေရေးအတွက် အားဖြည့်ရန် အခွန်များ ဖြတ်တောက်မည်ဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုကို အားကောင်းစေပြီး စွမ်းအင် အကျပ်အတည်းကို ကိုင်တွယ်သွားမည်ဟု ရည်ရွယ်ထားကြောင်း၊ အဆိုပါ မူဝါဒများကို အကောင်အထည်ဖော်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း စသည်ဖြင့် ထရက်စ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၈ ရက်တွင် ဝန်ကြီးချုပ်သစ်၏ စွမ်းအင်အစီအစဉ်များကို ထရက်စ်က ချပြမည်ဟု မျှော်လင့်ရသည်။

၎င်းသည် စွမ်းအင်ကုန်ကျစရိတ်များ ကာမိစေရန်အတွက် ကန့်သတ်နိုင်ဖို့ စီစဉ်နေကြောင်း ဗြိတိန်သတင်း မီဒီယာ များက ရေးသားဖော်ပြကြသည်။ ထိုအစီအစဉ်တွင် အခွန်ထမ်း ပြည်သူများအတွက် ပေးဆောင်ရမည့် စုစုပေါင်း ပမာဏမှာ စတာလင်ပေါင် ၁၀၀ ဘီလီယံ (ဒေါ်လာ ၁၁၆ ဘီလီယံ)အထိ ရှိလာနိုင်သည်ဟု အေပီသတင်းအရ သိရသည်။

Source: AP