CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ရိုမန်အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်က ချယ်လ်ဆီးအစား အာဆင်နယ်အသင်းကို ဝယ်ယူဖို့ နီးစပ် ခဲ့ပေမယ့် ကလပ်အသင်းက မရောင်းချခဲ့တာလို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဒီအကြောင်းကို Wall Street ဂျာနယ်လစ် ၂ ဦးဖြစ်တဲ့ ရော်ဘင်ဆန်နဲ့ ဂျိုနသန်တို့ ရေးသားခဲ့တဲ့ စာအုပ်သစ် The Club မှာ ဖော်ပြထားတာပါ။တကယ်လို့ ရုရှားဘီလျံနာသာ လန်ဒန်မြောက်ဘက် အခြမ်းမှာ ရင်းနှီးမြှပ်နှံခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အခင်းအကျင်းဟာ အလွန်ကွာခြားသွားနိုင်တာ ဖြစ်ပါတယ်။၂၀၀၃ က အေဘရာမိုဗစ်ချ်ဟာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေရဲ့ စီးပွားရေး အခြေအနေကို ကြည့်ရှုနိုင်ဖို့ ဆွစ်ဇာလန်ဘဏ် UBS ကိုငှားရမ်းခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်အသင်း ဟာ ရောင်းချမှာမဟုတ်ဘူးလို့ ပြောခဲ့ကြောင်း အဆိုပါစာအုပ်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်သာ လေးလေးနက်နက် ကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်း ပိုင်ရှင်တွေက စဉ်းစားနိုင်တယ်လို့ အသင်း ဒုဥက္ကဋ္ဌဟောင်း ဒေးဗစ်ဒိန်းက နောက်ပိုင်းမှာ ပြောခဲ့တာပါ။ ရုရှားဘီလျံနာဟာ စပါးအသင်းကို ဝယ်ယူဖို့အတွက် လန်ဒန်ကလပ်ရဲ့ အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံ ခဲ့သလို အာဆင်နယ်အသင်းမှာ အွန်နရီခြေစွမ်းပြသနေချိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ခေါ်ယူဖို့ ကြိုးစား ခဲ့သေးတယ်လို့ သိရပါတယ်။

အာဆင်နယ်ကို ဝယ်ယူလို့ မရခဲ့တဲ့ အေဘရာမိုဗစ်ချ်ဟာ လန်ဒန်ကလပ်ပဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ဝယ်ယူကာ ၁၉ နှစ်ကြာ အသင်းပိုင်ရှင်အဖြစ်ရပ်တည်ခဲ့တာပါ။အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်အဖြစ် ရှိခဲ့တဲ့အချိန်အတွင်းမှာ အသင်းကို အလုံးစုံပြောင်းလဲခဲ့ပြီး ရင်းနှီးမြှပ်နှံမှု အများအပြား ပြုလုပ်ကာ ဆုဖလားပေါင်း ၂၁ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဆုဖလားပေါင်း ၂၁ လုံးထဲမှာ ချယ်လ်ဆီးအသင်းဟာ အဓိကဆုဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရယူနိုင်ခဲ့တာပါ။အေဘရာမိုဗစ်ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဗြိတိန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ပါဝင်ခဲ့ပါတယ်။အဲဒါကြောင့် အခုနှစ် အစောပိုင်းမှာ တော့ဒ်ဘိုလီဦးဆောင်တဲ့ အစုအဖွဲ့က ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Source:Daily Mail