CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁

အူစမန်နာမဂိုမက်ဒေ့ါဗ်ဟာ Bellator Lightweight ကမ္ဘာ့ချန်ပီယံပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက် ချီကာဂိုမှာ ချန်ပီယံ ပါထရစ်ကီဖရီရီကို စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ရုရှားဖိုက်တာဟာ MMA ဂန္တဝင် ခါဘစ်ရဲ့ ညီဝမ်းကွဲဖြစ်ပြီး ထိုးသတ်ထားတဲ့ ၁၅ ပွဲစလုံး နိုင်ပွဲရယူထားတာပါ။ဒီပွဲဟာ Bellator 288 ပြိုင်ပွဲရဲ့ ချန်ပီယံပွဲစဉ် ၂ ပွဲထဲက ၁ ပွဲဖြစ်ပြီး နောက်တစ်ပွဲကတော့ Light ဟဲဗီးဝိတ်ချန်ပီယံ ဗာဒင်မ်နမ်ကော့ဗ်နဲ့ အန်ဒါဆန်တို့ရဲ့ မကျေပွဲဖြစ်ပါတယ်။ ဗာဒင်မ်နမ်ကော့ဗ်နဲ့ အန်ဒါ ဆန်တို့ ပွဲစဉ်က အနိုင်ရတဲ့သူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းရရှိမှာပါ။

ခါဘစ်ဟာ ကစားသမားဘဝက အနားယူပြီးနောက် အူစမန်နဲ့ မာခါချက်ဗ်တို့ကို ပွဲတွေထိုးသတ်ဖို့အတွက် ကူညီ သင်ကြားပေးနေတာဖြစ်ပါတယ်။အူစမန်ဟာ ပြီးခဲ့တဲ့လက ထိုးသတ်ခဲ့တဲ့ ခရစ်ဂွန်ဇာလတ်စ်နဲ့ ပွဲစဉ်ရဲ့ ပထမအချီ မှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့တာကြောင့် Bellator ဉက္ကဋ္ဌက ကစားသမားရဲ့ ချန်ပီယံဆု ရယူချင်တဲ့ဆန္ဒကို ပေးတဲ့ အနေနဲ့ ပွဲတည်ပေးခဲ့တာပါ။

အူစမန်က “ကျနော်စကားတွေ အများကြီးမပြောချင်ပါဘူး။ချန်ပီယံက ဒဏ်ရာရနေတယ်ဆိုတာ ကျနော် သိပါတယ်။ခင်ဗျားအဆင်သင့်ဖြစ်ရင် ကျနော့်ကို ပြောလိုက်ပါ။ချန်ပီယံဆုအတွက် ကျနော်ထိုးသတ်ချင်တယ်”လို့ ပါထရစ်ကီဖရီရီကို ပြောခဲ့တာဖြစ်ပြီး ဒါကို ခါဘစ်က ဘာသာပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ပါထရစ်ကီဖရီရီဟာ MMA ပွဲစဉ်ပေါင်း ၃၄ ပွဲထိုးသတ်ထားခဲ့တာမှာ ၂၄ ပွဲအနိုင်ရပြီး ၁၀ ပွဲအရေးနိမ့်ထားကာ Bellator Lightweight ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Source:BBC,RT