CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၁

အဲရစ်တန်ဟတ် က ခမ်းနားတဲ့ ရော်နယ်ဒို နဲ့ လာမယ့်ရာသီ မန်ချက်စတာယူနိုက်တက် အသင်းမှာ အလုပ်အတူ တွဲလုပ်ဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။

အခု ရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်တော့မယ့် အဲရစ်တန်ဟတ်ဟာ အသင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပြီး ကစားသမား အများအပြားဟာ အသင်းက ထွက်ခွာဖို့ ရှိနေတာပါ။

ဒတ်ချ်လူမျိုး နည်းပြ ရောက်ရှိလာတာနဲ့အတူ ရော်နယ်ဒို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေလည်း အမျိုးမျိုး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီ ကျန်ရှိနေတာပါ။

ဒါပေမယ့် အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်က မရေမရာ ဖြစ်နေခဲ့ ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟတ် ကတော့ ရော်နယ်ဒိုဟာ လာမယ့်ရာသီ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှိနေမှာ လို့ အေဂျတ်စ် အသင်းနဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အဲရစ်တန်ဟတ် က ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံချိန် ပေါ်တူဂီ ကစားသမားနဲ့ ကွင်းဘေးစည်းမှာ စကားပြောဆိုခဲ့တာတွေကို ပြန်လည် ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်(SI)

အဲရစ်တန်ဟတ်က “ စိတ်ဝင်စားစရာကောင်းတဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ ကစားပုံတွေကို သူအသိ အမှတ် ပြုမယ်လို့ ထင်ပါတယ်။ သူဟာ တကယ့် အောင်နိုင်သူဖြစ်ပြီး ခမ်းနားတဲ့ ကစားသမားတစ်ဦးပါ။ သူနဲ့အလုပ်အတူ တွဲလုပ်ဖို့ မစောင့်နိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒို ကလည်း အဲရစ်တန်ဟတ် ကို ကြိုဆိုထားပြီး သူဟာ အသင်းကို လာမယ့်ရာသီ ဆုဖလားတွေ ရယူပေးနိုင်ဖို့ လုပ်ဆောင် ပေးနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း မကြာသေးခင်က ပြောထားခဲ့တာ ဖြစ်ပါတယ်။

“သူဟာ အေဂျတ်စ် အသင်းမှာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်ဆိုတာ ကျနော်သိပါတယ်။ သူဟာ အတွေ့အကြုံရှိတဲ့ နည်းပြပါ။ ဒါပေမယ့် သူ့ကို အချိန်ပေးရပါမယ်။ သူလိုချင်တဲ့ ပုံစံကိုလည်း ပြောင်းရပါမယ်။ သူရောက်လာခဲ့လို့ ကျနော်တို့ အားလုံး စိတ်လှုပ်ရှားနေကြတယ်”လို့ ရော်နယ်ဒို က အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ် နဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အခုနှစ်ရာသီ နောက်ဆုံးပွဲဖြစ်တဲ့ ပဲလေစ့်နဲ့ ပွဲကို တက်ရောက် ကြည့်ရှုဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Metro