CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူး လို့ အတည်ပြုလိုက်တာကြောင့် ဂျိုကိုဗစ် ဟာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ကာကွယ်ခွင့်ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ်(၁) ဂျိုကိုဗစ် ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ဘာရတ်တီနီ ကို အနိုင်ရ ပြီး (၆)ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ဂျိုကိုဗစ် ဟာ သြစတြေးလျအိုးပန်း ပြိုင်ပွဲကနေ ပြည်နှင်ဒဏ် ပေးခံရတာအပါအဝင် နိုင်ငံပေါင်းစုံရဲ့ ကန့်သတ်ချက်တွေကြောင့် အခုနှစ်အတွင်းမှာ ပြိုင်ပွဲ(၃)ပွဲသာ ယှဉ်ပြိုင်ခွင့် ရထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ စည်းမျဉ်းတွေကို ဖြေလျှော့ပေးခဲ့တာကြောင့် ဂျိုကိုဗစ် ဟာ ဝင်ဘယ်လ် ဒန်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသွားခဲ့တာပါ။

ဒါပေမယ့် ဆားဘီးယား ကစားသမားဟာ အမေရိကန်မှာတော့ သွားရောက်ယှဉ်ပြိုင်ခွင့် မရသေးဘူးလို့ သိရပါတယ်။ All England Lawn တင်းနစ်ကလပ် အကြီးအကဲ ဘောလ်တန် က “ဗြိတိန်ကိုဝင်ရောက်ဖို့ အစိုးရက သတ်မှတ်ထားတဲ့ လိုအပ်ချက်မှာ ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေမပါဝင်ပါဘူး။ အဲဒါကြောင့် ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဂရမ်းစလမ်းပြိုင်ပွဲ(၄)ခုထဲက (၁)ခုဖြစ်တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဇွန်(၂၇)ရက်ကနေ ဇူလိုင်(၁၀)ရက် အထိ ကျင်းပသွားမှာပါ။အခုနှစ်ကျင်းပမယ့် ဒီပြိုင်ပွဲမှာ လူစုလူဝေးလျှော့ချခြင်းနဲ့ ကစားသမားတွေ အပေါ် ချမှတ် ထားတဲ့ တင်းကျပ်တဲ့အခြေအနေတွေ အပါအဝင် ပြီးခဲ့တဲ့နှစ်က သတ်မှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းမယ်လို့ ဘော်လ်တန် က ထပ်မံပြောခဲ့တာဖြစ်ပါတယ်။

အခုနှစ်ကျင်းပမယ့် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ယူကရိန်းကို ကျုးကျော်တဲ့ လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ်ကစားသမားတွေကတော့ ပြိုင်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။ရုရှား ကစားသမား တွေဖြစ်တဲ့ မက်ဗီဒက်ဗ်နဲ့ရူဘလက်ဗ် တို့ကတော့ ဒီလိုပိတ်ပင်မှုနဲ့ ပတ်သက်ပြီး စိတ်ပျက်ကြောင်း ထုတ်ဖော် ပြောထားခဲ့ပါတယ်။ကမ္ဘာ့နံပတ်(၁) ဂျိုကိုဗစ် ကိုယ်တိုင်ကလည်း ဝင်ဘယ်လ်ဒန် ရဲ့ ဆုံးဖြတ်ချက်ဟာ ရူးကြောင် ကြောင်နိုင်တယ်လို့ မကြာသေးခင်က ပြောထားခဲ့တာဖြစ်ပါတယ်။